Skip to main content

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၄

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေးနှင့် ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာ လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် ကွင်းအမှတ် (၃) တို့၌ ကျင်းပသည်။

ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အဆိုပါ (အမျိုးသမီး) ဘောလုံးပြိုင်ပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်တိုးရီ၊ ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်ဘောလုံး အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ပထမအဆင့် အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်းနှင့် အားကစားဝါသနာရှင်များ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်