နေပြည်တော် ဒီဇင်ဘာ ၁၃
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာရှိတောင်ကြီးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ပြည်နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပြည်နယ်အတွင်းရှိ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးနှင့်ဘေး အန္တရာယ် ကင်းရှင်းစွာဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးကြီးကြပ်ခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစား ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အကျိုးရှိထိရောက်စေရေးအတွက် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်ပေးရ မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း ခေတ်မီနည်းပညာများ ရရှိစေရေးအတွက် လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ ပြည်ပပညာရှင်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါ ဆောင်ရွက်ရမည့် လုပ်ငန်း ၄၆၁ ချက် အနက် စက်ရုံရှိ ဝန်ထမ်းများ၊ ပြည်တွင်းပညာရှင် များပူးပေါင်း၍ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်း ၃၂၀ ကို ပြည်ပကျွမ်းကျင်ပညာရှင်များ ပြန်လည်စစ်ဆေးခဲ့မှုနှင့် စစ်ဆေးတွေ့ရှိမှု အခြေအနေများကို ညှိနှိုင်းဆွေးနွေးပြီး ပြည်ပကျွမ်းကျင်ပညာရှင်များ၏ စစ်ဆေးခဲ့မှုနှင့် စစ်ဆေးတွေ့ရှိချက်များကို တိတိကျကျ မှတ်တမ်းထားရှိရန်၊ ထပ်မံပြီးစီးသည့် လုပ်ငန်း ၂၁ ချက် နှင့်ပတ်သက်၍ ပြည်ပကျွမ်းကျင် ပညာရှင်များစစ်ဆေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ ငွေလုံးငွေရင်း အသုံးစရိတ်များ တင်ပြတောင်းခံရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ်၊ ခန့်မှန်း ကုန်ကျစရိတ်၊ အသေးစိတ် သတ်မှတ်ချက်တို့ကို ပြည့်စုံစွာဖော်ပြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် စက်ရုံမှ တာဝန်ရှိသူများ၊ တည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် TPE နှင့် AGS မှ ကိုယ်စားလှယ်များ၏ နေ့စဉ်ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပြီး အမှတ် (၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းမှ ထွက်ရှိလာမည့် သံစိမ်း (Pig Iron) ကို အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) ရှိ EAF ဖြင့် သံမဏိအရည်ကျိုရာတွင် ၃၀ ရာခိုင်နှုန်း သုံးစွဲသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းပါဝင်ခဲ့ကြောင်း၊ ထိုစဉ်က Blast Furnace ဖြင့် သံစိမ်းထုတ်လုပ်ရန် ရည်ရွယ်ခဲ့ကြောင်း၊ သို့ရာတွင် Blast Furnace ဖြင့် ထုတ်လုပ်နိုင်သည့် သံသတ္တုရိုင်း ပမာဏနည်းပါးခြင်းနှင့် အသုံးပြုမည့် ကျောက်မီးသွေးကုန်ကြမ်းများ၏ အရည်အသွေး နိမ့်ခြင်းကြောင့် Romelt Process ကို ရွေးချယ်ခြင်းဖြစ်ကြောင်း၊ စက်ရုံအမြန်ဆုံး လည်ပတ်နိုင်ရေးအတွက် TPE အနေဖြင့် ယခုထက် ပိုမိုပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည်ပြန်လည် ပြုပြင်ရေးအလုပ်ရုံတွင် စက်များတပ်ဆင်မည့် အခြေအနေ၊ အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံနှင့် Romelt Shop တို့တွင် ပြည်ပကျွမ်းကျင်ပညာရှင် အဖွဲ့မှ စစ်ဆေးဆောင်ရွက်နေမှု၊ စွန့်ပစ်အပူစွမ်းအင် သုံးဘွိုင်လာအား အမိုးတပ်ဆင်ဆောင်ရွက်နေမှု၊ ဆာလဖာလျှော့ချရေး အလုပ်ရုံတွင် Load Cell များ တပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၏ ဝန်ထမ်းများ အသိပညာများတိုးတက်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်စေရန်တို့ အတွက် အသိပညာမျှဝေသည့် အခမ်းအနားကို စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် MPRL E & P Group of Companies မှ Senior HR Manager များက လူ့စွမ်းအားအရင်း အမြစ် စီမံခန့်ခွဲမှုနှင့် လုပ်ငန်းတာဝန်များကို လည်းကောင်း၊ ကော်ပိုရိတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ခေါင်းဆောင်က လူမှုတာဝန်သိလုပ်ငန်းများ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စီမံကိန်းစီမံခန့်ခွဲမှုများ ကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် အသိပညာများ ပြန်လည်မျှဝေ
ဆွေးနွေးခဲ့သည့် MPRL E & P Group of Companies မှ Senior HR Manager နှင့်အဖွဲ့ကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
သတင်းစဉ်