ရန်ကုန် သြဂုတ် ၃၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပါဠိတက္ကသိုလ် ညောင်တုန်းပရိယတ္တိစာသင်တိုက်နှင့် မဟာဝိသုဒ္ဓါရုံ (ပါဠိတက္ကသိုလ်) ရွှေကျင်တိုက် သစ်များသို့ ယနေ့တွင် ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်း ပဒေသာပင်များ လှူဒါန်းကြသည်။
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးထွန်းညွန့်နှင့် တာဝန်ရှိသူများသည် နံနက် ၉ နာရီခွဲတွင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူ ကြပြီး ပြည်ထောင်စုဝန်ကြီး က “ကမ္ဘာ့နိုင်ငံအသီးသီးတို့၌ ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားလျက်ရှိပြီး ရောဂါထိန်းချုပ်နိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုသဆေးထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းလျက် ရှိကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အနေဖြင့် ကိုဗစ်-၁၉ မပြန့်ပွားရေးနှင့် ထိန်းချုပ်နိုင်ရေးတို့အတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းမှာ ပထမပြန်၊ ဓမ္မာစရိယစာမေးပွဲကြီးကို တစ်နိုင်ငံလုံးအတိုင်း အတာ ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အပြင် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပွဲအခမ်းအနားကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ယခု သြဂုတ် ၂၈ ရက် တွင် ပထမပြန်စာမေးပွဲအောင်စာရင်းကို ထုတ်ပြန်နိုင်ခဲ့ပြီး ယနေ့ သြဂုတ် ၃၀ ရက်တွင် ဓမ္မာစရိယစာမေးပွဲအောင်စာရင်းကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ပထမပြန် (မူ၊ငယ်၊လတ်၊ ကြီး) စာမေးပွဲအောင်မြင်မှု ၈၂ ဒသမ ၀၄ ရာခိုင်နှုန်းရှိပြီး ဓမ္မာစရိယ စာမေးပွဲ အောင်မြင်မှု ၇၆ ဒသမ ၄၃ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း၊ ယမန်နှစ်ကထက် ထူးကဲစွာ အောင်ချက် ရာခိုင်နှုန်း လွန်စွာမြင့်မားသည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်း ရှင်လူအပေါင်းမှာလည်း လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ကြလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွား နေချိန်တွင် ပရိယတ္တိစာပေများ သင်အံပို့ချနေကြသော သံဃာတော်၊ သီလရှင် များ ဆွမ်းကွမ်းအခက် အခဲမရှိစေရန်နှင့် ကြောင့်ကြမှုမရှိစေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပရိယတ္တိစာသင်တိုက်အသီးသီးတို့အား ဆွမ်းပဒေသာ ပင် အလှူတော်ငွေများ လှူဒါန်းနေခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဦးဆောင်၍ ဆွမ်းပဒေသာပင် လှူဒါန်းပေး ခြင်းဖြင့် အလှူရှင် ဒါယကာ၊ ဒါယိကာမ အပေါင်း တို့ကလည်း ပရိယတ္တိ စာသင်တိုက်အသီး သီးတို့သို့ ဆက်လက် လှူဒါန်းကြခြင်းဖြင့် သံဃာတော်များ၏ ဆွမ်းအခက်အခဲကို ဖြည့်ဆည်း ကုသိုလ် ယူနိုင်မှာဖြစ်ကြောင်း လျှောက်ထားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြပြီး ပြည်ထောင် စုဝန်ကြီးက ဆွမ်းပဒေသာပင်အတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ် လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အဖွဲ့ဝင် ဦးညီညီက လက်ခံကာ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် မျိုးနိုင်နိုင်ကုမ္ပဏီလီမိတက်မှ ဦးမျိုးမြင့်-ဒေါ်သန္တာဝင်းတို့က လျှပ်စစ်မီး ပဒေသာပင်အတွက် ငွေကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပါဠိတက္ကသိုလ် ညောင်တုန်းပရိယတ္တိစာသင်တိုက် စာချနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တနာရဒါဘိဝံသ(သ.စ.အ ဓမ္မာစရိယ)က အနုမောဒနာ တရားချီးမြှင့်တော်မူသည်။
မွန်းလွဲပိုင်းတွင် မဟာဝိသုဒ္ဓါရုံ (ပါဠိတက္ကသိုလ် )ရွှေကျင်တိုက်သစ် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ တိပိဋကဓရ တိပိဋကကောဝိဒ ယောဆရာတော် ဘဒ္ဒန္တ သီရိန္ဒာ ဘိဝံသ ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွမ်းပဒေသာပင်အတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ ကျောင်းဝေယျာဝစ္စအဖွဲ့ အတွင်းရေးမှူး ဦးသာလှက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် မဟာဝိသုဒ္ဓါရုံ(ပါဠိတက္ကသိုလ်)ရွှေကျင်တိုက်သစ် ပဓာနနာယက ယောဆရာတော်က အနုမောဒနာ တရားချီးမြှင့်တော်မူသည်။
(သတင်းစဉ်)