Skip to main content

နိုင်ငံ့အကျိုးပြုသုတေသနများ ထိရောက်အောင်ဆောင်ရွက်ရင်း ပြည်သူ့အကျိုးအတွက် နည်းပညာရှင်ကောင်းများဖြစ်စေရေးဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၉

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်၊ TVET Teacher Training Colleague ၊ TTTC (ဘယ်လင်း) စတုတ္ထအကြိမ်မြောက် ဆရာ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုနှင့် တီထွင်ဆန်းသစ်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၆ ရက်တွင်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ကျွမ်းကျင်နည်းပညာရှင်များကို အရည်အသွေးပြည့်မီစွာမွေးထုတ်နိုင်ရန် ဆရာ ဆရာမများ၏ စွမ်းရည်ကို အစဉ်မြှင့်တင်ရေး ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် TTTC(ဘယ်လင်း) ကျောင်းအုပ်ကြီးက ပြိုင်ပွဲဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ပြီး ဆုရရှိသူများကိုယ်စား ဆရာတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဂုဏ်ပြုလွှာနှင့် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆရာဆရာမများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး၍ တီထွင်မှုပြခန်းများကို ကြည့်ရှုသည်။

ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) သို့ရောက်ရှိခဲ့ပြီး အင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးကာ ပြည်သူများ၏ ဘဝရပ်တည်ချက်ခိုင်မာစေပြီး ဒေသလိုအပ်ချက်နှင့်အညီ ကျွမ်းကျင်နည်းပညာရှင်များကို သတ်မှတ်စံနှုန်းများအတိုင်း မွေးထုတ်ရန်၊ ကျောင်းဆင်းများ၏ ဘဝအဆင့်အတန်းမြင့်မားလာမှုများကို ကျောင်းသားသစ်များ အားကျအတုယူနိုင်ရေး စစ်တမ်း/မှတ်တမ်းများဖြင့် စနစ်တကျ ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ၌ အမျိုးသားရေးရည်မှန်းချက်များဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် တစ်တပ်တစ်အားဖြစ်စေမည့် သုတေသနများကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် Black Rice နှင့် အခြားအရည်အသွေးမြင့် စပါးမျိုးသစ်များဆိုင်ရာ သုတေသနရလဒ်များ၊ ဇီဝမှိုသတ်ဆေးထုတ်လုပ်မှု၊ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သီးထိုးယင်ထိန်းချုပ်ခြင်း သုတေသနရလဒ်၊ တိုင်းရင်းဆေးဘက်ဆိုင်ရာ သုတေသန၊ သဘာဝမြေဩဇာများစမ်းသပ်မှုများ၊ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုသော အိမ်ခြံဝင်း သီးနှံစိုက်ပျိုးခင်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ)နှင့် ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)တို့ကို ကြည့်ရှုစစ်ဆေးကာ ထူးချွန်ထက်မြက်ပြီး စိတ်ဓာတ်ကောင်း မွန်သောတိုင်းကျိုးပြည်ပြု အိုင်တီနည်းပညာရှင်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဘာသာရပ်အကျိုးပြု စာတမ်းများဖတ်ရှုကြရန်၊ အားလပ်ချိန်များကို အကျိုးရှိရှိအသုံးချကြရန် တိုက်တွန်းမှာကြားကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။

သတင်းစဉ်