နေပြည်တော် ဒီဇင်ဘာ ၉
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ကြက်တောင်၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ တတိယနေရာနှင့် ဗိုလ်လုပွဲပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ Indoor Stadium (C)နှင့် (B)အားကစားရုံများ၊ သက်ဆိုင်ရာအားကစားနည်းအလိုက် သတ်မှတ်ထားသည့် ကွင်းရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်နယ်နှင့်တိုင်းအလိုက် ပြိုင်ပွဲဝင်အားကစားမောင်မယ်များ၊ အုပ်ချုပ်သူနည်းပြ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်အားပေးကြည့်ရှုကြသည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံတွင် ကျင်းပသည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများအပြီးတွင် အမျိုးသားအသင်းလိုက် ပထမဆုကို ရန်ကုန်၊ ဒုတိယဆုကို မန္တလေး၊ တတိယဆုကို မွန်အသင်းတို့ကရရှိကြပြီး အမျိုးသမီးအသင်းအလိုက် ပထမဆုကို မကွေး၊ ဒုတိယဆုကို ရှမ်း၊ တတိယဆုကို မွန်တို့ကရရှိကြရာ ဆုများကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ချီးမြှင့်ပေးအပ်သည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံတွင် ကျင်းပသည့် ကြက်တောင်ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက် ပထမဆုကို ရန်ကုန်၊ ဒုတိယဆုကို ဧရာဝတီ၊ တတိယဆုကို ကရင်ပြည်နယ်တို့ကရရှိကြပြီး အမျိုးသမီး အသင်းအလိုက် ပထမဆုကို ပဲခူး၊ ဒုတိယဆုကို ဧရာဝတီ၊ တတိယဆုကို ရှမ်းပြည်နယ်တို့က ရရှိကြရာ ဆုများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက ချီးမြှင့်ပေးအပ်သည်။
ထို့ပြင် ယနေ့နံနက်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A)ရုံတွင် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲများကိုကျင်းပရာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ကရင်က စစ်ကိုင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီက ပဲခူးကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကချင်က ကရင်ကို သုံးပွဲ - နှစ်ပွဲဖြင့်လည်းကောင်း၊ နေပြည်တော်က ပဲခူးကို သုံးပွဲ - တစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
ဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးလေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့တွင် ယနေ့နံနက် ၇ နာရီမှစတင်၍ အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်