Skip to main content

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့်ကာကွယ်ရေး ပစ္စည်းများလှူဒါန်း

နေပြည်တော်  ဩဂုတ် ၂၉

အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် အလှူငွေနှင့်ကာကွယ်ရေးပစ္စည်းများ လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး  လက်ခံရယူသည်။

ရှေးဦးစွာ Excellent Fortune Foundation နှင့် Excellent Fortune Development Group ၏ CEO, Chairman and Founder အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း နှင့် ဇနီး Senior Vice Chairman and Co-Founder အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ၊ Asia Development Bank မှ Public Health Specialist ဒေါက်တာကြည်သာနှင့် Mega Lifesciences Ltd မှ President and Head Coach (Myanmar) Mr. Girish Wadhwa တို့က လှူဒါန်းရသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြား ခဲ့ရာတွင် ယခုလက်ရှိအချိန်၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေမှု များသည် ကျန်းမာရေးဆိုင်ရာ အကြပ်အတည်းအခြေအနေ တစ်ခုဖြစ်ပြီး ရောဂါပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးဝါယမစိုက်ထုတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်နေသူများ တရားမဝင် ဝင်ပေါက်များမှတစ်ဆင့် ရခိုင်ပြည်နယ် အတွင်းသို့ ကူးစက်ဝင်ရောက်မှုများ ထပ်မံမရှိစေရေးနှင့် ရခိုင်ပြည်နယ်မှ တစ်ဆင့် အခြားတိုင်း ဒေသကြီး/ ပြည်နယ်များသို့ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးသည် အထူးအရေးကြီးပြီး ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်နေသူများ နိုင်ငံအနှံ့အပြားသို့ ရောက်ရှိကာ ရောဂါပျံ့နှံ့ကူးစက်ခြင်းမရှိစေရေး လုပ်ငန်းများ ကိုလည်း အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူရှင်အဖွဲ့အစည်းများနှင့် တစ်ဦးချင်း အလှူရှင်များ၏ လှူဒါန်းမှု များအားကျေးဇူးတင်ရှိပါကြောင်း၊ ယခုလှူဒါန်းသည့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ် ရေးဝတ်စုံ များ၊ အသက်ရှူစက်များအပါအဝင် လှူဒါန်းမှုအများစုကို ရခိုင်ပြည်နယ်သို့  ‌အဓိကပေးပို့သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း နှင့်ဇနီး အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ တို့က ငွေကျပ်သိန်း (၁,၀၀၀) နှင့် တစ်ကိုယ်ရေ ရောဂါ ကာကွယ်ရေးဝတ်စုံ (၃၀၀)၊ N95 (၃၀၀) ၊ Goggles (၁၀၀)၊ ခြေအိတ်စွပ်ခုံ (၅) ခုနှင့် ခြေအိတ်စွတ် အစုံ(၂၅၀)၊ Asia Development Bank က အမေရိကန်ဒေါ်လာ (၁,၁၇၇,၆၉၀) တန်ဖိုးရှိ တစ်ကိုယ်ရေ ရောဂါ ကာကွယ်ရေးဝတ်စုံများ၊ Mega Lifesciences Ltd နှင့် ဝန်ထမ်းများက အမေရိကန်ဒေါ်လာ (၁၄၃,၇၅၀) တန်ဖိုးရှိ အထူးကြပ်မတ် ကုသဆောင်သုံး အသက်ရှူစက် (၅) လုံး၊ Patient Monitor (၅) လုံးနှင့် Video Laryngoscope (၁) ခု၊ Mega Lifesciences Ltd (Nutra Division) က ငွေကျပ် (၂၆ ဒသမ ၄) သိန်း တန်ဖိုးရှိ Nat C (၃,၅၀၀) ဗူးတို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စ ုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)