Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ဧရာ၀တီဖောင်ဒေးရှင်း စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ ကာကွယ်ကုသရေးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း

ရန်ကုန် ဩဂုတ် ၂၈

ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းစဉ်များ ဆောင်ရွက် နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့ က ရောဂါကာကွယ် ကုသရေး ပစ္စည်းများနှင့် အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။

ဧရာ၀တီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၀ ကျော်ကို အနီးကပ် ကြပ်မတ် ကုသပေးလျက်ရှိသော စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် ငွေကျပ်သိန်း ၁၆၀ တန်ဖိုးရှိ အရေးပေါ် လိုအပ်နေသော ကာကွယ်ကုသရေးပစ္စည်းများနှင့် စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် ငွေကျပ်သိန်း ၁၂၀ စုစုပေါင်းငွေကျပ် သိန်း ၂၈၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လှူဒါန်းခဲ့သော ပစ္စည်းများတွင် ချွဲစုပ်စက် လေးလုံး၊ Oxygen Concentrator ငါးလုံး၊ သွေးပေါင် တိုင်းစက် ၁၀ ခု၊ Infrared Thermometer ငါးခု၊ Gown Sterilize SMS ၁၅၀၊ Patient Monitor နှစ်လုံး၊ ICU သုံး PPE ၁၅၀၊ Surgical Face mask အခုရေ ၂၀၀၀၀ နှင့် 3M N95 Mask များပါဝင်ပြီး ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ အခြားမြို့နယ်များ အတွက်လည်း ဆက်လက်ထောက်ပံ့ကူညီသွားမည် ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ကိုမိုး