နေပြည်တော် ဩဂုတ် ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်း ပြင်ပ အစီအစဉ်)ဖြင့် CFP-3 batch(2) ဆိုလာအသေးစား ဓာတ်အားပေးစနစ်များ တည်ဆောက်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများ၊ ဆောင်ရွက်မည့် ကျေးရွာမီးလင်းရေး ကော်မတီဝင်များ လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်စိုးစိုးအုန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိ သူများ၊ ကျေးရွာ မီးလင်းရေးကော်မတီ ဝင်များက အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ အစီအစဉ်)ဖြင့် CFP-3 batch(2) ဆိုလာအသေးစားဓာတ်အား ပေးစနစ် လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးကြသည်။
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာများမှာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် သဲရိုးကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် ၁၀၅ ဒသမ ၆ ကီလိုဝပ်နှင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကန်းတောကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ် ၁၀၆ ကီလိုဝပ် တည်ဆောက်ခြင်း လုပ်ငန်းကို Mega Global Green Automation ကုမ္ပဏီကလည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကောမယ်ကျေးရွာ ဆိုလာ အသေးစားဓာတ်အားပေးစနစ် ၆၁ ဒသမ ၄၄ ကီလိုဝပ်နှင့် တော်ကာ ကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ် ၆၁ ဒသမ ၄၄ ကီလိုဝပ် တည်ဆောက်ခြင်းလုပ်ငန်းကို Techno-Hill ကုမ္ပဏီကလည်းကောင်း တာဝန်ယူဆောင် ရွက်သွားမည်ဖြစ်ပြီး အဆိုပါ အသေးစား ဓာတ်အား ပေးစနစ်များမှ အိမ်ခြေပေါင်း ၉၀၀ ခန့် လျှပ်စစ်ဓာတ်အား ၂၄ နာရီ သုံးစွဲနိုင်မည်ဖြစ်ပြီး အသေးစား စက်မှု လက်မှုလုပ်ငန်းများပါ တစ်ပါတည်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ဆိုလာအသေးစားလျှပ်စစ်ဓာတ်အားပေး စနစ်များကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်း ပြင်ပအစီအစဉ်) ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၆၀ ရာခိုင်နှုန်း၊ ကျေးလက်နေ ပြည်သူများမှ ၂၀ ရာခိုင်နှုန်းနှင့် လုပ်ငန်း ဆောင်ရွက်မည့် ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်