နေပြည်တော် ဩဂုတ် ၂၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင် လျင်မြန်စွာကူးစက်ဖြစ်ပွားနေသော ကိုဗစ်-19 အား ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဗဟို၊ ရခိုင်ပြည်နယ်နှင့် အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးကဏ္ဍတာဝန်ရှိသူများနှင့် ကွင်းဆင်းအဖွဲ့များ Video conferencing စနစ်ဖြင့် ဆွေးနွေးပွဲသို့ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဩဂုတ် (၁၆) ရက်မှ ယနေ့နံနက်ပိုင်းအထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်-19 ဖြစ်ပွားသူ (၂၁၆) ဦးတွေ့ရှိခဲ့ပြီး၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ စစ်တွေမြို့သို့ ခရီးသွားရာဇဝင်ရှိသူ (၆)ဦးတွင်လည်း ကိုဗစ်-19 ကူးစက် ဖြစ်ပွားသည်ကို တွေ့ရှိရပါကြောင်း၊ ရခိုင်ပြည်နယ်၌ ကိုဗစ်-19 သည် အချိန်တိုကာလ အတွင်း များပြားစွာတွေ့ရှိလျက်ရှိပြီး ကပ်ရောဂါ၏ သဘောသဘာဝအရ ရက်အနည်းကြာ ဆက်လက် များပြားနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ထိန်းချုပ်မှုလုပ်ငန်းများကို အထူးဝါယမ စိုက်ထုတ်၍ လုပ်ဆောင်လျက်ရှိသဖြင့် ရောဂါဖြစ်ပွားမှုအရှိန်သည် မကြာခင်ကာလ၌ နှေးကွေးသွားနိုင်မည်ဟု ယူဆပါကြောင်း၊ ထိုကဲ့သို့ ကူးစက်ဖြစ်ပွားမှု ရုတ်တရက် များပြား လာခြင်းသည် ကိုဗစ်-19 ကူးစက်ခံနေသူများသည် မိမိ၌ ရောဂါဖြစ်ပွားနေသည်ကို မသိရှိဘဲ ခရီးသွားလာမှုများပြားခဲ့ကာ လူအများနှင့် ထိတွေ့မိခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း။
ဆေးသုတေသနဦးစီးဌာနတွင် ကနဦးစစ်ဆေးချက်အရ ရခိုင်ပြည်နယ်မှ ဓာတ်ခွဲနမူနာ (၉) ခုလုံးတွင် COVID-19 ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်းတစ်ခုသည် ပြောင်းလဲလျက်ရှိ သည်ကို တွေ့ရှိရသဖြင့် ယခုကဲ့သို့ ကူးစက်မှုမြန်ဆန်နေသည်ဟု ယူဆပါကြောင်း၊ မျိုးဗီဇတစ်ခုလုံးကို ဆေးသုတေသနဦးစီးဌာနမှ ဆက်လက်စစ်ဆေးလျက်ရှိပါကြောင်း၊ ရခိုင် ပြည်နယ်၌ ဩဂုတ် (၁၆) ရက် နောက်ပိုင်းတွေ့ရှိရသော ကိုဗစ်-19 လူနာများတွင် ရောဂါ လက္ခဏာတစ်စုံတစ်ရာမပြသဘဲ အမြင်အားဖြင့် နေကောင်းနေသူများမှာ (၇၉ ရာခိုင်နှုန်း) အထိရှိနေသည့်အတွက် ရောဂါပိုးရှိသူများ မိမိတို့ပတ်ဝန်းကျင်တွင် ရောက်ရှိနေနိုင်သည် ဖြစ်၍ ပြည်သူများအနေဖြင့် ရောဂါကူးစက်ခြင်းမခံရစေရန်အတွက် "လူစုလူဝေးရှောင်ရှား ခြင်း၊ တတ်နိုင်သမျှနေအိမ်တွင်သာနေထိုင်ခြင်း၊ နှာခေါင်းနှင့် ပါးစပ်စည်းတပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ စက္ကန့် (၂၀) ကြာအောင် ဆေးကြောခြင်းနှင့် ရခိုင်ပြည်နယ်သို့ ခရီးသွား ရာဇဝင်ရှိသူများအား တွေ့ရှိပါက သက်ဆိုင်ရာသို့ ချက်ချင်း အသိပေးအကြောင်းကြားခြင်း" တို့ကို တိကျစွာ လိုက်နာဆောင်ရွက်ကြမှသာလျှင် ဤရောဂါကူးစက်ဖြစ်ပွားမှုကို အချိန်တို အတွင်း လျှော့ချနိုင်မည်ဖြစ်ပါကြောင်း။
ထိုသို့ ပြည်သူများသိရှိလိုက်နာဆောင်ရွက်စေရေးအတွက် လက်ကိုင်အသံချဲ့စက် များအသုံးပြုကာ အသိပေးနှိုးဆော်မှုများကို ရပ်ကွက်များတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ နေ့စဉ် (၅) ကြိမ်ခန့် ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ ဩဂုတ် (၁၀) ရက်မှ (၂၇) ရက်အတွင်း ရခိုင်ပြည်နယ်မှ လေကြောင်းခရီးစဉ်ဖြင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိသွားသူ (၅,၇၀၀) ကျော်ရှိပြီး ထိုသူများအနက် အချို့သည် ကိုဗစ်-19 ကူးစက် လျက်ရှိသူများဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်သို့ ဩဂုတ် (၁၀) ရက် နောက်ပိုင်း ခရီးသွားရာဇဝင်ရှိခဲ့သူများအားလုံးသည် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်း ကြားရမည်ဖြစ်ပါကြောင်း။
ထိုသူများမှတစ်ဆင့် အခြားသူများသို့ အဆင့်ဆင့် ထပ်မံကူးစက်ခြင်းများ နိုင်ငံတစ်ဝန်း တွင် ဖြစ်ပွားခြင်း မရှိစေရေးအတွက် မိမိတို့အနေဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်း အရှိန် အဟုန်ကို ပုံမှန်ထက် (၂) ဆခန့်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ လိုအပ်ချက် များအား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၌ ကိုဗစ်-19 ဖြစ်ပွား နေသည့် ပုံစံကို ကပ်ရောဂါဗေဒနှင့် ပြည်သူ့ကျန်းမာရေးရှုထောင့်မှ သုံးသပ်ပါက ရောဂါ ထိန်းချုပ်ရေးကိစ္စများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာဆုံးဖြတ်၍ တုံ့ပြန်ဆောင်ရွက်မှ သာလျင် ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်တွင်ဆောင်ရွက်ရမည့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများနှင့် အခြားတိုင်း ဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများသည် ထပ်တူ ညီမျှဖြစ်မည် မဟုတ်ပါကြောင်း၊ ဝန်ကြီးဌာနသည် ကပ်ရောဂါဗေဒသဘောတရားများနှင့်အညီ ကိုဗစ်-19 အား ကာကွယ်ထိန်းချုပ်ရာတွင် ပြောင်းလဲလျက်ရှိသော အခြေအနေအရပ်ရပ်နှင့်အညီ လုပ်ငန်းနည်းဗျူဟာနှင့် လုပ်ငန်းစဉ်များကို မွမ်းမံကာ တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိရေးဆွဲထားသည် လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်းများကိုလည်း ကိုဗစ်-19 ရောဂါနှင့် ပတ်သက်၍ ထပ်မံတွေ့ရှိချက်အသစ်များ၊ ကူးစက်ပျံ့နှံ့ပုံစံများ၊ ပြောင်းလဲ လျက်ရှိသောရောဂါလက္ခဏာများစသည်တို့နှင့် အညီ မွမ်းမံရေးဆွဲကာ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးရမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များဆောင်ရွက်ရာတွင် ရရှိနိုင်သည့် လူ့စွမ်းအား၊ အချိန်၊ ဘဏ္ဍာငွေ၊ ပစ္စည်းကိရိယာ အရင်း အမြစ်များနှင့် ပကတိမြေပြင်အခြေအနေတို့ကို ချိန်ထိုးကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ယခုအချိန်၌ ရခိုင်ပြည်နယ်သို့ ခရီးသွားလာခဲ့သူများသည် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိနေသဖြင့် အလုပ်သမားနှင့် ဝန်ထမ်းများပြားစွာ စုရုံးလုပ်ကိုင် လျက်ရှိသော စက်ရုံနှင့် အလုပ်ရုံများတွင် ရောဂါကူးစက်မှုမရှိစေရေးနှင့် ကပ်ရောဂါအသွင် မဖြစ်စေရေးအတွက် ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ အပြည့်အဝလိုက်နာ ဆောင်ရွက်ရမည့်အပြင် သက်ဆိုင်ရာတာဝန်ရှိသူများက စောင့်ကြပ်ကြည့်ရှုစစ်ဆေး ရေးလုပ်ငန်းများကို အားဖြည့်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။
ကိုဗစ်-19 လူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်း ဆောင်ရွက်ရာတွင် လူနာတစ်ဦးချင်းကို မေးမြန်းရမှု၊ ၎င်းတို့နှင့်ထိတွေ့ခဲ့သူများအား ဆက်သွယ်ရှာဖွေရမှု လုပ်ငန်းများသည် လူအင်အားနှင့် အချိန်တို့ကိုသုံးစွဲဆောင်ရွက်ရခြင်းဖြစ်ပြီး လိုအပ်သည့် ပံ့ပိုးမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အတတ်နိုင်ဆုံးနှင့် အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယာယီစခန်း (IDP camp) များနှင့် ပြန်လည်လက်ခံ ရေးစခန်းတွင် ကပ်ရောဂါအစုလိုက်ပုံစံဖြင့် ဖြစ်ပွားနိုင်သဖြင့် ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊"ပါးစပ်နှင့်နှာခေါင်းစည်း (mask) မတပ်ဆင်သူများအား ဈေးများသို့ ဝင်ခွင့်မပြု ရေးနှင့် မြို့တွင်းနှင့်အဝေးပြေးယာဉ်များတွင် စီးနင်းခွင့်မပြုရေး" တို့ကို အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ လုပ်ဆောင်ကြရန်မှာ ယခုအချိန်အခါ ၌ အထူးအရေးကြီးနေပြီဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-19 ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်လျက် ရှိပြီး ဓာတ်ခွဲမှုဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်အတွက် ကြိုတင်တွက်ဆ ဝယ်ယူထား ရှိသည့်အပြင် GeneXpert စက်များကိုလည်း ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနှင့် မောင်တောမြို့နယ်တို့တွင် တပ်ဆင်ကာ ကိုဗစ်-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ပါကြောင်း၊ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ထပ်မံလိုအပ်မည့် အထူးကြပ်မတ် ကုသသည့် လူနာခုတင်များနှင့် အသက်ရှူစက်များကိုလည်း ချက်ချင်းဖြည့်ဆည်း လျက်ရှိပါကြောင်း၊ ယခုအခါတွင် စစ်တွေမြို့၌ လူနာများထားရှိရန်အတွက် သူနာပြုသင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံတို့ကို ယာယီဆေးရုံအဖြစ်အသုံးပြုလျက်ရှိပြီး ထပ်မံတိုးမြင့်လာနိုင်သည့် လူနာများအတွက် ယာယီဆေးရုံ တစ်ခုထပ်မံဖွင့်လှစ်တည်ထောင်နိုင်ရေး စီစဉ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ကိုဗစ်-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား နိုင်ငံတစ်ဝန်းလုံးတွင် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မိမိဆန္ဒအလျောက်သွားရောက် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိ ဂုဏ်ယူပါကြောင်း၊ ယခုအစည်းအဝေးတွင် ရခိုင်ပြည်နယ် တွင် COVID-19 ပျံ့နှံ့မှုများနှင့် အခြားတိုင်း ဒေသကြီး/ပြည်နယ်များသို့ ပျံ့နှံ့မှုများအား ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည်များနှင့် အကြံပြုချက်များအား ပွင့်ပွင့် လင်းလင်းဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်က ရခိုင်ပြည်နယ်တွင် လက်ရှိ ကိုဗစ်-19 ကူးစက်ဖြစ်ပွားနေမှု အခြေအနေ များ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဓာတ်ခွဲနမူနာများ ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်တော်မြို့များတွင် စစ်ဆေးနေမှုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပို့ဆောင်နေမှု၊ ဆေးရုံများတွင် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ခြင်း (hospital infection prevention and control) လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နေမှု၊ သူနာပြုသင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံတို့ကို ယာယီဆေးရုံ အဖြစ်အသုံးပြုကာ လူနာများ ထားရှိမှု၊ ကူးစက်နိုင်ချေများသည့် လူအုပ်စုများနှင့် နေရာဒေသများကို ကျပန်းစနစ်ဖြင့် ရွေးချယ်ကာ ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် ရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်များကို ဆန်းစစ်ဖော်ထုတ်ရေးဆောင်ရွက်နေမှုများကိုလည်းကောင်း။
ဆက်လက်၍ ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ ဉာဏ်ဝင်းမြင့်က စစ်တွေမြို့တွင်းနေရာများ၊ ကျန်းမာရေးဌာနများနှင့် ယာယီစခန်းများသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကပ်ရောဂါဗေဒရှုထောင့်မှ ဆန်းစစ်တွေ့ရှိချက်များနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ကိုဗစ်-19 လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းလုပ်ဆောင်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ရန်ကုန်တိုင်းဒေသကြီးတွင် ဓာတ်ခွဲနမူနာများကွင်းဆင်းကောက်ယူမှု၊ အသွားအလာကန့်သတ်မှု၊ ကိုဗစ်-19လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းမှု လုပ်ငန်းများအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှု အတွေ့အကြုံများကိုလည်းကောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က လက်ရှိတွင် ကိုဗစ်-19 ပျံ့နှံ့ကူးစက်မှုနှင့် ကပ်ရောဂါဗေဒ ဆန်းစစ်ချက်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က မြန်မာနိုင်ငံမှ ကိုဗစ်-19 လူနာများ၏ ရောဂါပျံ့နှံ့ကူး စက်မှု၊ ရောဂါလက္ခဏာများ၊ နေရာဒေသ၊ အသက်အုပ်စု၊ ကျား/မ၊ အလုပ်အကိုင်အလိုက် ဆန်းစစ်ချက်များကိုလည်းကောင်း၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက ဆေးရုံအသီးသီးတွင် ကိုဗစ်-19 လူနာများ ကုသမှုခံယူနေမှုအခြေ အနေများ၊ ရခိုင်ပြည်နယ်တွင် ဩဂုတ် ၂၆ ရက်မှစ၍ တွေ့ရှိ ရသော ကိုဗစ်-19 လူနာ(၂၁၆)ဦး၏ ကျန်းမာရေးအခြေအနေကောင်းမွန်နေမှုနှင့် ၎င်းလူနာများတွင် အသက်အရွယ်ကြီးသူများနှင့် အခြားအခံရောဂါရှိသူများ (၁၆)ဦး ပါဝင်နေမှုကိုလည်းကောင်း တင်ပြကြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြု ခြင်းများကို ဆောင်ရွက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်၌ ကိုဗစ်-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အဖွဲ့အစည်းများစွာ ဝိုင်းဝန်း ဆောင်ရွက် နေသည်ဖြစ်သည့်အပြင် လုပ်ငန်းကဏ္ဍရပ်မျိုးစုံပါဝင်သည်ဖြစ်၍ တာဝန်ခွဲဝေသတ်မှတ်ထားရှိကာ ချိန်သားကိုက်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားကာ အကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခြင်းနှင့် လိုအပ်ချက်များအား စီစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)