နေပြည်တော် ဒီဇင်ဘာ ၄
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံနှင့် လက်ပံပြားတိုက်နယ်ဆေးရုံတို့သို့ ရောက်ရှိပြီး လူနာများအား အားပေးစကားပြောကြားကာ စမ်းသပ်ကြည့်ရှု၍ ဆေးကုသမှုဆိုင်ရာ အကြံပြုပြီး ဆေးရုံအတွင်း၊ အပြင် လှည့်လည်ကြည့်ရှုကာ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ တိုက်နယ်ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်အတူ မကွေးတိုင်းဒေသကြီး ချောက်မြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ပြီး လူနာဆောင်များ၊ ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာနများသို့ လှည့်လည်ကြည့်ရှုကာ လူနာများအား ကြည့်ရှုကုသပေးပြီး အာဟာရပြည့်လက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ချောက်မြို့နယ် ဂွေးပင်ကျေးလက်ကျန်းမာရေးဌာန၊ ဂွေးချို ကျေးလက်ကျန်းမာရေးဌာန၊ ရေနံချောင်းမြို့ ပြည်သူ့ဆေးရုံနှင့် မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးတို့သို့ ရောက်ရှိကာ သက်ဆိုင်ရာဆေးရုံများမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆေးကုသရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး လူနာဆောင်များ၊ အထောက်အကူပြုဌာနများကို လှည့်လည်ကြည့်ရှုခဲ့သည်။
သတင်းစဉ်