Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းရှိန် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းများ ကြည့်ရှုအားပေး

ရန်ကုန် ဒီဇင်ဘာ ၁

အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းနှင့် မော်တော်ယာဉ် ပြုပြင်သင်တန်း ပို့ချနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများမွေးထုတ်၍ လုပ်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ သင်တန်းအမျိုးအစား ငါးမျိုးကို ၁၂ ကြိမ်ပို့ချခဲ့ပြီး သင်တန်းသား ၃၃၅ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလထိ သင်တန်းအမျိုးအစားငါးမျိုးကို ၁၄ ကြိမ်ဖွင့်လှစ်၍ သင်တန်းသား ၃၃၂ ဦး မွေးထုတ်ပေး နိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စားသောက်ဆိုင် ဝန်ဆောင်မှုသင်တန်းကို ထည့်သွင်းပို့ချသွား မည်ဖြစ်ပြီး သင်တန်းအမျိုးအစား ခြောက်မျိုးကို ၁၉ ကြိမ် ဖွင့်လှစ်၍ သင်တန်းသား ၄၅၀ မွေးထုတ်ပေးရန်လျာထားကြောင်း၊ သင်တန်းဆင်းပြီးပါက အလုပ်အကိုင် အခွင့် အလမ်းများ ရရှိစေရေး မိမိတို့တတ်ကျွမ်းထားသည့် ပညာရပ်ကိုအသုံးချကာ အသက်မွေး ဝမ်းကျောင်းပြု၍ လူမှုဘဝ တိုးတက်မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့်စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုရန်လိုကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ လေအေးပေးစက်တပ်ဆင်ခြင်း ကျွမ်းကျင်မှုအဆင့်(၁)အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား စစ်ဆေးအကဲဖြတ်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့(National Skills Stan-dards Authority-NSSA) တွင် အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် ဆောင်ရွက်နေပြီး ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းကို အဆင့်လေးဆင့်ဖြင့် စစ်ဆေးအကဲဖြတ်နေကြောင်း၊ NSSA အသိအမှတ်ပြု လက်မှတ်ရရှိထားခြင်းအားဖြင့် အလုပ်ရှင်များ၏ အားကိုးယုံကြည်မှု ရရှိနိုင်သောကြောင့် လုပ်ငန်းခွင်မှအဆင့်မီ လုပ်သားများကို အချိန် မဆိုင်းဘဲ စစ်ဆေးအကဲဖြတ်ခြင်းတွင်ဝင်ရောက်ဖြေဆိုနိုင်ရေး အသိပေးပြောကြားရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်