နေပြည်တော် ဒီဇင်ဘာ ၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာနရှိဌာနခွဲများ၊ အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှတာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းလမ်းညွှန်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနပြုလုပ်ရာတွင် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်၊ Sports Master Plan ရေးဆွဲနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြောဆိုဆက်ဆံနိုင်စေရေး အင်္ဂလိပ်ဘာသာစကားကို လေ့လာရန်၊ မိမိတို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကဏ္ဍအလိုက် လုပ်ငန်းတိုးတက်မှု ရှိ/မရှိ ညွှန်ကြားရေးမှူးများကကွင်းဆင်း စစ်ဆေးရန်နှင့်ဌာနသို့ အစီရင်ခံစာတင်ပြရန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်/စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တွန်းအားပေး ဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက စီမံအုပ်ချုပ်ရေးဆိုင်ရာ၊ ဝန်ထမ်းရေးရာ၊ လမ်းပန်းဆက်သွယ်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ၊ အားကစားကွင်း/အားကစားရုံ ပြုပြင်ထိန်းသိမ်းရေး၊ အားကစားပြိုင်ပွဲ ကျင်းပပြီးစီးမှု၊ လူထုအားကစား လှုပ်ရှား ဆောင်ရွက်မှုများနှင့် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပနိုင်ရေးဆောင်ရွက်ထား ရှိမှုများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး အားကစားနှင့် ကာယပညာ(သိပ္ပံ) ကျောင်းအုပ် ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်