Skip to main content

၂၀၂၃ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁

၂၀၂၃ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံး အမှတ် (၄) ၌ ကျင်းပသည်။

ဆောင်ရွက်

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က နှစ်စဉ် ဒီဇင်ဘာ ၁ ရက်ရောက်တိုင်း ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား များကို ကမ္ဘာတစ်ဝန်းလုံးတွင်ကျင်းပကြပြီး အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရန်၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိပ်ချ်အိုင်ဗွီပိုးရှိသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသည့် စိတ်ဓာတ်များနှင့် ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် ဆိုသည့် ရည်ရွယ်ချက်နှင့် ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကင်းဝေးသော လူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်သည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာ စီမံကိန်း ၂၀၂၁-၂၀၂၅ မှာပါရှိသည့် ဦးစားပေး နည်းဗျူဟာ(၅) ရပ်နှင့်အညီ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း။

ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်း မှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “Let Communities Lead” “အေအိုင် ဒီအက်စ်ကင်းဝေးရေး၊ ပြည်သူလူထု ဦးဆောင်ပေး”နှင့်အညီ အိပ်ချ်အိုင်ဗွီ ကာကွယ်ကုသရေးဝန်ဆောင်မှု လုပ်ငန်းများကို လူတိုင်းညီတူညီမျှလက်လှမ်းမီရရှိရေးအတွက် ဦးတည်အုပ်စုဝင်များ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများ အပါအဝင်ပြည်သူလူထုအားဖြင့်ဆောင်ရွက်မှသာ ၂၀၃၀ ပြည့် အကုန်တွင် အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုကင်းဝေးသောလူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန်ဆိုသည့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်းပြောကြားသည်။

ဆုများချီးမြှင့်

ထို့နောက် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား ကျောင်းသူများအားဆုများ ချီးမြှင့်သည်။

လှည့်လည်ကြည့်ရှု

ဆက်လက်၍ မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါကာကွယ်ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှုမှတ်တမ်းတင်ဗီဒီယိုကိုပြသပြီး အခမ်းအနား အထိမ်းအမှတ် ပြခန်းငယ်များကို လှည့်လည်ကြည့်ရှုကြသည်။

ပူးပေါင်းဆောင်ရွက်

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ပြည်သူလူထု အခြေပြုကွန်ရက်များမှ တက်ရောက်ကြသည်။

သတင်းစဉ်