နေပြည်တော် နိုဝင်ဘာ ၃၀
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင်အလှူရှင်ပြည်သူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဒံပေါက်ထမင်းဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “ရှေ့တန်းရောက် တပ်မတော်သားအားလုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းပါစေ၊ တရားသောစစ်အောင်မြင်ပါစေ” စသည့် ဆုတောင်းမေတ္တာ စာလွှာများပါရှိကြောင်း သတင်းရရှိသည်။