Skip to main content

၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၉

(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ၁နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီမှ အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးဗဟိုကော်မတီဝင် အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အမျိုးသားရေးအနှစ်သာရပြည့်ဝစွာဖြင့် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ဆောင်ပုဒ်တို့နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆုံးဖြတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပြီးစီးမှုအစီရင်ခံစာကို ကောက်နုတ်တင်ပြပြီး အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့စီမံချက်နှင့် ဆုံးဖြတ်ရန်ကျန်ရှိသည့်အချက်များကို တင်ပြရာ ဗဟိုကော်မတီဝင်များက ဆွေးနွေးဆုံးဖြတ် အတည်ပြုကြသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို တင်ပြကြရာ အမျိုးသားအောင်ပွဲနေ့ အကြိုလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရေးနှင့် အမျိုးသားအောင်ပွဲနေ့အခမ်းအနားများကို စီမံချက်နှင့်အညီ အောင်မြင်စွာ ကျင်းပသွားရေး ညှိနှိုင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောခဲ့ကြောင်း သိရသည်။

သတင်းစဉ်