Skip to main content

လီဆူတိုင်းရင်းသား လူမျိုးရေးရာ၀န်ကြီး ပူတာအိုမြို့နယ်အတွင်းရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံ လူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ပေးအပ်

ပူတာအို  ဩဂုတ် ၂၈

ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် လီဆူတိုင်းရင်းသား လူမျိုးရေးရာ၀န်ကြီး ဦးအားတီယောဟန်သည် တာ၀န်ရှိသူများ နှင့်အတူ နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့သည့် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံ လူတန်းစားများအား တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ပူတာအိုမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ၌ ထောက်ပံ့ပေးအပ်သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် လီဆူတိုင်းရင်းသား လူမျိုးရေးရာ၀န်ကြီး ဦးအားတီယောဟန်က နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား ပြည်သူများ စား၀တ်နေရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြည်သူများ၏ လက်၀ယ်သို့ စနစ်တကျ ရောက်ရှိရေး မှာကြားခဲ့ပြီး၀န်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် တာ၀န်ရှိသူများက နိုင်ငံတော်အစိုးရမှ ကိုဗစ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် (၂၀၀၀၀) ကျပ်အား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် ပူတာအိုမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၄)အုပ်စုရှိအိမ်ထောင်စုပေါင်း (၁၅၃၇)စုအတွက် ထောက်ပံ့ငွေကျပ်သိန်းပေါင်း (၃၀၇,၄၀၀၀၀)တို့ကို ပြည်သူများ လက်၀ယ်အရောက် မှန်ကန်စွာရောက်ရှိစေရန် စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့ပြီး ထောက်ပံ့ ငွေများအား ကိုဗစ်ကာလ ဖြစ်သည့်အတွက် လူစုလူဝေးမဖြစ်စေရန်အတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများအထိ ကွင်းဆင်း ထောက်ပံ့ခြင်း မပြုလုပ်ဘဲ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖွဲ့များ မှတဆင့် ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)