Skip to main content

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

မကွေး သြဂုတ် ၂၈

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။

လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး(၄)ဦးတို့က ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးချေးငွေနှင့် စုငွေများ ဥပဒေကြမ်းနှင့် မကွေး တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကြမ်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့(ကိုယ်စား) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဋ္ဌာန ဝန်ကြီးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့ (ဆဋ္ဌမနေ့) လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည ်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ အကြောင်းအရာတို့ကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။

ဆက်လက်ပြီး လွှတ်တော်အစည်းအဝေး (ဒုတိယနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသ ကြီး အပင်နှင့် သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်ရေးနှင့် နှိမ်နင်းရေး ဥပဒေကြမ်းနှင့် စပ်လျဥ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဥပဒေကြမ်း တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကာ မကွေးတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက် ပိုးမွှားရောဂါ ကာကွယ်ရေးနှင့်နှိမ်နင်းရေး ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့် အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ အဆိုတင်သွင်းခဲ့ရာ ဆိပ်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်မွန်အေးက ယင်းဥပဒေအား အတည်ပြု ပေးနိုင်ပါရန် ထောက်ခံဆွေးနွေးခဲ့သည်။

ထို့နောက် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒကိုရယူပြီး ဥပဒေ ပြုရေးဆိုင်ရာ ကော်မတီ၏ အစီရင် ခံစာပါ သဘောထားမှတ်ချက်များအတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးအား လွှတ်တော်ကအတည်ပြုကြောင်းနှင့် ဥပဒေပြုရေး ဆိုင်ရာ ကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဆက်လက် ဆောင်ရွက် နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး ယင်းအစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)