ကိုလှိုင်ဘွား
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားတော်မူသည့် ကမ္ဘာပေါ်ရှိ စကျင်ကျောက်ထွင်း ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပထမဆုံးအကြိမ် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးကို ဆီမီး ၉၀၀၀ ပူဇော်ပွဲများ၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲများဖြင့် သုံးရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ တတိယမြောက်နေ့တွင် လာရောက်ပါဝင်ဆင်နွှဲသူများ၏ ပီတိစကားသံများကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။
ဦးရဲမင်းကျော် ရွှေပွင့်စံ စားသောက်ကုန်လုပ်ငန်း
အခုကျင်းပနေတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးမှာ အဓိကရောင်းချတာကတော့ မျှစ်ချဉ်နဲ့ ငါးခြောက်ဖြစ်ပါတယ်။ မျှစ်ခြောက်လည်းပါပါတယ်။ အဓိကရောင်းကုန်တွေက MSME စံနှုန်းနဲ့အညီ ထုတ်လုပ်ထားတဲ့ နေပြည်တော်ဒေသထွက်ကုန်တွေပါပဲ။ ဒီပွဲတော်ကြီးမှာ ရောင်းချရတာလည်း အဆင်ပြေပါတယ်။ နယ်ဝေးကလူတွေလည်း အများကြီးလာရောက်ကြတာဖြစ်တဲ့အတွက် အများစုက သူတို့စားဖို့အပြင် လက်ဆောင်အဖြစ်ယူသွားဖို့ လာဝယ်ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို နေပြည်တော် wholesale မှာလည်း တင်ထားပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ပွဲတိုင်းကိုလည်း ကျွန်တော်တို့ရဲ့ MSME လုပ်ငန်းက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေ ရောင်းချခွင့်ရဖို့ ဖိတ်ခေါ်စေချင်ပါတယ်။
ကိုလှိုင်ဘွား ဖျော်ဖြေရေးအဖွဲ့ဝင်
နဂိုကတည်းက အနုပညာဝါသနာပါတဲ့သူဖြစ်တော့ အခုလို နိုင်ငံတော်တာဝန်ရှိသူတွေက ဦးဆောင်ဦးရွက်ကျင်းပပေးတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီးမှာ လာရောက်ဖျော်ဖြေခွင့်ရတဲ့အတွက် အများကြီးဝမ်းသာဂုဏ်ယူပါတယ်။ တန်ဆောင်တိုင်မီးထွန်းပွဲတော်မှာ ကျွန်တော်တို့ တတ်ကျွမ်းတဲ့အနုပညာနဲ့ ဖျော်ဖြေပူဇော်တာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေရဲ့ အထင်ကရ နေ့တစ်နေ့လည်းဖြစ်တယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားပွဲတော်မှာဖျော်ဖြေရတာ ကုသိုလ်လည်းရပျော်လည်း ပျော်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း ကျင်းပပေးစေချင်ပါတယ်။
ဒေါ်ညွန့်ရီ(ပျဉ်းမနားမြို့)
အခုဒီ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲကြီးကို စည်စည်ကားကားနဲ့ ကျင်းပနေတာကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်သံတို့မှာ မြင်တွေ့ရတော့ မီးပုံးပျံလွှတ်တင်တာတွေ၊ မီးပူဇော်တာတွေကို ကြည့်ရှုချင်တာရယ်၊ ထိုင်တော်မူ ဗုဒ္ဓကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ချင်တာရယ်ကြောင့်လာခဲ့တာပါ။ ဒီကိုရောက်လာတဲ့အချိန်မှာ ရုပ်မြင်သံကြားက ထုတ်လွှင့်တာတွေထက်တောင် ပိုပြီးစည်ကားသလို ပိုပြီးလည်း ကြည်ညိုစရာမြင်ကွင်းတွေကိုလည်း တွေ့ခဲ့ရတယ်။ ကျွန်မ အသက်က ၆၇ နှစ်ရှိပြီ။ ဒီကို မြေးသုံးယောက်၊ အိမ်နီးချင်း နှစ်ယောက်နဲ့လာခဲ့တာပါ။ ဘုရားကြီး ဖွင့်ပွဲတုန်းကလည်း တစ်ခေါက်လာဖူးသေးတယ်။ အခုလည်းမြေးတွေက လိုက်ခဲ့ပါ အတူတူဖူးရအောင်ဆိုလို့ လိုက်ခဲ့တာပါ။
ဦးဇော်ဝင်း ဖျော်ဖြေရေးအဖွဲ့ခေါင်းဆောင်
ကျွန်တော်တို့ ဖျော်ဖြေရေးအဖွဲ့မှာ အဖွဲ့သားအားလုံး အယောက် ၂၀ ပါပါတယ်။ ဘုရားပွဲတော်ကြီး စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ ဖြစ်လာအောင် တစ်ဖက်တစ်လမ်းကနေ လာရောက်ပံ့ပိုး ကူညီခြင်းပါပဲ။ ကျွန်တော်တို့အဖွဲ့မှာ ဦးရွှေရိုး ဒေါ်မိုးအကပါတယ်။ အိုးစည်၊ ဒိုးပတ်အပြင် အနောက်တိုင်း လေမှုတ်တူရိယာ အစုံအလင်နဲ့ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။
ဒေါ်သန်းညွန့်(မိတ္ထီလာမြို့)
ဒီဘုရားကြီးကို လာဖူးချင်နေတာကြာပါပြီ။ အခုဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးကိုပါ နိုင်ငံတော်တာဝန်ရှိသူတွေက တခမ်းတနားကျင်းပပေးနေတာသိရတော့ သားဖြစ်သူကို လိုက်ပို့ခိုင်းတာပါ။ အခုလိုလာရောက်ဖူးမြော်ခွင့်ရတော့ ဘုရားကြီးကိုလည်းဖူးရတယ်။ စည်စည်ကားကားနဲ့ကျင်းပနေတဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးရဲ့ လှပတဲ့မြင်ကွင်းတွေကိုလည်း ကြည့်ရှုခံစားရတယ်။ အသက်က ၉၀ ရှိပြီဆိုတော့ လာရတာပင်ပန်းပေမယ့် ဒီဘုရားကြီးကိုဖူးလိုက်ရတော့ ပင်ပန်းတာတွေလည်းပျောက်သွားတယ်။ မောင်ဖြစ်သူကရုပ်မြင်သံကြားကလာတဲ့ မာရဝိဇယတန်ဆောင်တိုင်အခမ်းအနားကိုပြတော့ ပိုပြီးလာဖြစ်သွားတာပါ။