ရန်ကုန် နိုဝင်ဘာ ၂၇
ယနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ကပ်လှူပူဇော်
ဦးစွာ ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးနှင့် အမွှေးနံ့သာများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဂေါပကရုံးဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများသည် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှစတင်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွား တော်များအားကပ်လှူပူဇော်မည့် ကထိန်ရွှေကြာသင်္ကန်းတော်များကို ကိုင်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထက်ပစ္စယံရှိပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်အား ကထိန်ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များက အာရုံခံတန်ဆောင်း မုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာ ဘုရားတို့အား ကထိန်ရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရေစက်ချအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး သြဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒွိပိဋကဓရ ဝိနယဒီဃနိကာယပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြကာ သြဝါဒါစရိယဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေး အပ်ဆံတော်ဦးစေတီတော်၏ (၃၉)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ကျင်းပရာ ဂေါပကအဖွဲ့ဝင်များက စေတီတော်ပရိဝုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ကထိန်ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ကြပြီး သြဝါဒါစရိယဆရာတော်ကြီးများထံမှ အနုမောဒနာတရား နာယူကြပြီးလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ကိုးပါးသီလခံယူ
အလားတူ သင်္ဂါယနာသာသနာ့ သမိုင်းဝင်သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်ကြီး၏ (၂၃)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ခြင်းအောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် ဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ(ကျောက်မဲဆရာတော်) ဘဒ္ဒန္တစန္ဒနသာရထံမှ ကိုးပါးသီလခံယူဆောက်တည်ကြ၍ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် ဂေါပကအဖွဲ့ဝင်များသည် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကျောက်မဲဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
မေတ္တာပို့ဆုတောင်းကြ
အလားတူ မဟာဝိဇယစေတီတော်၊ ဆူးလေစေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းရှိ လောကချမ်းသာအဘယ လာဘမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရွှေဘုန်းပွင့်စေတီတော်၊ သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်နှင့် ဆုတောင်းပြည့် မယ်လမုစေတီတော်တို့တွင်လည်း ယနေ့နံနက်ပိုင်းမှစတင်ပြီး စေတီတော်နှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များက တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့) အခမ်းအနားများကိုကျင်းပကြကာ သာမညဖလ သုတ္တန်ဒေသနာတော်များကို ရွတ်ဖတ်မေတ္တာပို့ဆုတောင်းကြသည်။
တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိဘုရားစေတီများ၌ မသိုးရွှေကြာသင်္ကန်းများကပ်လှူပူဇော်ခြင်း၊ သာမညဖလအခါတော်နေ့ပူဇော်ပွဲများ၊ ဗုဒ္ဓဒေသနာ တော်ရွတ်ဆိုပူဇော်ပွဲများနှင့် ရပ်ကွက်အလိုက်၊ လမ်းအလိုက် စုပေါင်း၍ မဟာဘုံကထိန်အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
တန်ဆောင်မုန်းလပြည့်နေ့ မီးထွန်းပွဲတော်တွင်လည်း ရုံးများ၊ ပန်းခြံများ၊ ရပ်ကွက်၊ လမ်းနှင့် လူနေအိမ်များ၌ လျှပ်စစ်ရောင်စုံမီးအလှများ၊ ဆီမီးခွက်များ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြပြီး လမ်းအလိုက် နိဗ္ဗာန်စျေးပွဲတော်များကို စည်ကားစွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သတင်း၊ ဓာတ်ပုံ-ကိုကိုဇော်