Skip to main content

စေတနာ၊ မေတ္တာအကျိုးရလဒ်များခံစား

ဝေဒနာရှင်တစ်ဦးအား ဖြူစင်သည့်မေတ္တာ၊ စေတနာဖြင့် အထူးဂရုစိုက် ပြုစုပေးပါက ရောဂါဝေဒနာ ပိုမိုသက်သာလာသလို ခံစားကြရပါသည်။ ယနေ့ အချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များ အပေါ်တွင် မေတ္တာ၊ စေတနာ၊ ကရုဏာ စသည့်မွန်မြတ်သောစိတ်ဆန္ဒများ ထက်သန်ကြီးမားစွာဖြင့် အထူးဂရုစိုက် ပြုစုစောင့်ရှောက်ပေးနေကြသည်ကို မြင်တွေ့နေရပါသည်။ ထို့ကြောင့် ရောဂါ ဝေဒနာသည်များ ဆောလျင်စွာ ပျောက်ကင်း ချမ်းသာလိမ့်မည်ဟု ယုံကြည်ပါသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ယနေ့ အချိန်ကာလအထိ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် ပြည်သူများအားလုံး မွန်မြတ်သောစေတနာဖြင့် နိုးကြားတက်ကြွစွာ အားတက်သရော ဝိုင်းဝန်း လက်တွဲ ဆောင်ရွက်နေကြသည်ကို မြင်တွေ့ရသည်မှာ ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ၊ စိတ်နှလုံး ချမ်းမြေ့ဖွယ်ရာဖြစ်ပေသည်။ ရောဂါဖြစ်စဉ်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်သော်လည်း စေတနာမေတ္တာကြောင့် စိုးရိမ်စိတ်များ လျော့ကျစေပါသည်။

အထူးသဖြင့် ရောဂါဝေဒနာရှင်များအတွက် မွန်မြတ်ဖြူစင်သော စိတ်စေတနာအပေါင်းအစုများ ကြောင့် ရောဂါတစ်ဝက်ပင် သက်သာပျောက်ကင်းသကဲ့သို့ ဖြစ်စေပါသည်။ လက်တွေ့တွင်လည်း ရောဂါများ လျော့နည်းသက်သာပျောက်ကင်းသလို ရောဂါပိုမိုဖြစ်လာလျှင်လည်း မနှေးအမြန် ထက်သန်စွာဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ၊ နိုင်ငံတော်၏ အထောက်အပံ့ရသမျှ အင်တိုက် အားတိုက် ဆောင်ရွက်ကြသည်ကို မြင်တွေ့ နေရသည်မှာ အားတက်ဖွယ်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင် ရောဂါသက်သာပျောက်ကင်းရေးအတွက် စေတနာ၊ မေတ္တာဖြင့် အပြန်အလှန်စောင့်ရှောက်ကုသမှု ပြုကြသည်ကို ဝမ်းမြောက်ဖွယ်မြင်တွေ့ရသည်။ ကျန်းမာရေး ပညာရှင်များ၏ သုတေသနပြု စမ်းသပ်ထုတ်ဖော်မှုတို့ကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးနိုင်သည့် အတွက် ရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်၊ အခြားနိုင်ငံများတွင် ဖြစ်ပွား သည့်ရောဂါပိုးနှင့် တူညီမှု ရှိ၊ မရှိနှင့် ရောဂါပြင်းထန်စေနိုင်မှု ပမာဏတို့ကိုသိရှိနိုင်သဖြင့် ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်မှု လုပ်ငန်းတွင် အထောက် အကူများစွာဖြစ်စေသည်။

ယခုအခါ ကိုဗစ်-၁၉ရောဂါကို ကုသရန်အတွက် သီးသန့်ကုထုံးမရှိသေးပါ။ ထို့ကြောင့် လူနာများအား အကောင်းဆုံးကုသမှုပေးနိုင်ရန်အတွက် ပြန်လည် သက်သာကောင်းမွန်သွားသော ကိုဗစ်-၁၉ လူနာ၏ သွေးရည်ကြည်ဖြင့် ရောဂါပြင်းထန်သော ကိုဗစ်-၁၉ လူနာ ရှစ်ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည်။ ကိုယ်ချင်းစာစိတ်ကြီးမားစွာ၊ စေတနာပြည့်ဝစွာဖြင့် လူနာအချင်းချင်းအပေါ် သွေးရည်ကြည်လှူဒါန်းခဲ့မှုကို ကျေးဇူးတင် ဂုဏ်ယူလေးစား မိသလို စမ်းသပ်ကုသပေးသော ကျန်းမာရေးပညာရှင်များကိုလည်း ဂုဏ်ယူအသိအမှတ်ပြုရမည်ဖြစ်သည်။ ထိုသို့ ဇီဝိတဒါန ကုသိုလ်ပြု အလှူရှင်များစွာ လိုအပ်ပါသည်။

ပြီးခဲ့သည့်ရက်သတ္တတစ်ပတ်မှစ၍ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မြင့်မားလာသဖြင့် ပြည်သူများ စိုးရိမ်ပူပန်မှု မြင့်မား လာသည်ဆိုသော်လည်း ရောဂါသက်သာ ပျောက်ကင်းချမ်းသာရေးအတွက် စေတနာရှင်များက ကူညီစောင့်ရှောက်ပေးရန် အသင့်ရှိနေသည်။ ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ၌ ကိုယ်တိုင် ဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် စေတနာရှင် ဆရာဝန်၊ သူနာပြုနှင့် စေတနာရှင်များ တဖွဲဖွဲပေါ်ထွက်လာသည်မှာ အားတက်စရာဖြစ်သည်။ ရခိုင်ပြည်နယ်သည် လက်ရှိတွင် နိုင်ငံတကာ နယ်ပယ်၌ အရေးကြီးသော ပြည်နယ်ဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်မှုဖြင့် အားတက်သရော ကူညီဆောင်ရွက်ပေးနေကြသဖြင့် မည်သည့်အခြေအနေဖြစ်ဖြစ် စိတ်ပျက် လက်လျှော့ဖွယ်ရာမရှိပြီ။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွက် အရေးကြီးကိစ္စ ပေါ်ပေါက်လာသောအခါ ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းသည် အထိရောက်ဆုံးဖြစ်သည်ဟု ယုံကြည်ထားသည်။ အရေးကြုံလျှင် စေတနာ့ဝန်ထမ်းဆောင်ရွက်ပေးတတ်သည့် အလေ့အထသည် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ချစ်စရာကောင်းသော အလေ့အထဖြစ်သည်။ ယခုအခါ ကျန်းမာရေးဆိုင်ရာ စေတနာ့ဝန်ထမ်း အဖွဲ့များ စစ်တွေတွင် သွားရောက်ကူညီ ဆောင်ရွက်နေကြသည်။ နိုင်ငံတော် အစိုးရက လည်း ကူညီထောက်ပံ့ဆောင်ရွက်ပေးသည်။ အလှူရှင်များကလည်း ပါဝင်ကူညီလှူဒါန်းပေးနေကြသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသူ နိုင်ငံသားများ တိုင်းရင်းသားပြည်သူများ အားလုံး တက်ညီလက်ညီ စေတနာမေတ္တာထက်သန်စွာဖြင့် ဆက်လက်လက်တွဲ ဆောင်ရွက် နိုင်ကြပါလျှင် ကိုဗစ်-၁၉ ရောဂါ စိန်ခေါ်မှုများကိုသာမက အခြားသော မည်သည့်စိန်ခေါ်မှုကိုမဆို ကျော်လွှားလွန်မြောက်နိုင်မည်ဟု အလေးအနက်ယုံကြည် ပါသည်။