ရန်ကုန် ဩဂုတ် ၂၇
ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်၌ မိမိဆန္ဒ အလျောက် စေတနာ့ဝန်ထမ်းအဖြစ် ရခိုင်ပြည်နယ်တွင် အချိန်ကာလတစ်လခန့်အကြာ တာဝန်ထမ်းဆောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စေတနာ့ဝန်ထမ်း အမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း(၂၅)ဦးတို့သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာ့လေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ထွက်ခွာ သွားကြသည်။
အဆိုပါအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပြီး ဂုဏ်ပြုအားပေးစကား ပြောကြားသည်။
ယခုသွားရောက်သည့် စေတနာ့ဝန်ထမ်းများမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် အတွေ့အကြုံရှိပြီး Community Based Facility Quarantine Center များ၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူများဖြစ်ကာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင် အဖွဲ့၏အစီအစဉ်ဖြင့် စေတနာ့ဝန်ထမ်း ဆရာဝန်များမှ လေ့ကျင့်သင်ကြားပေးသော စေတနာ့ ဝန်ထမ်း ဆင့်ပွားသင်တန်း တက်ရောက်ပြီးသည့်သူများ ဖြစ်ကြသည်။
ရခိုင်ပြည်နယ်သို့ သွားရောက်သည့် စေတနာ့ဝန်ထမ်းများ၏ စားသောက်ရေး၊ နေထိုင်ရေး၊ သွားလာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စများအား အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အဆိုပါစေတနာ့ဝန်ထမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဓါတ်ခွဲနမူနာများအား ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် စစ်ဆေးခဲ့ရာ ကျန်းမာရေး ကောင်းမွန်သူများ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)