Skip to main content

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၂

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း  အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေး အဖွဲ့အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေတည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေနှင့် နည်းပဒေများတွင် ပြဋ္ဌာန်းထားပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံ ခန့်ခွဲရေး အဖွဲ့ဖွဲ့စည်းထားရှိပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ အတည်ပြု ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေကျပ် (၃)ဘီလီယံကို၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အရင်းမပျောက်မတည်ငွေအဖြစ် နိုင်ငံတော်မှ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ မသန်စွမ်းသူမိသားစုများအား ချေးငွေများကို Third Party Microfinance ဖြင့်ထုတ်ချေးနိုင်ရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်းနှင့် လာမည့်ဘဏ္ဍာနှစ် စလျှင်စချင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယခု အစည်းအဝေးအား ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေနှင့် စပ်လျဉ်း၍ Microfinance Institutes များ နှင့်ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် လိုက်နာရန် လိုအပ်သည့်စည်းမျဉ်း စည်းကမ်းများအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ Microfinance Institutes များနှင့် ဆောင်ရွက်ရာတွင် လုပ်ဆောင်သင့်သည့်ကိစ္စရပ်များအား အကြံပြုဆွေးနွေးကြသည်။

အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)