Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပင်လောင်း၊ ပင်းတယ၊ ဟဲဟိုးဒေသ နွားမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပင်လောင်းမြို့နယ် နောင်မွန်းကျေးရွာသို့ သွားရောက်ပြီး ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်၏ အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် ဆောင်ရွက်နေသော ရွှေတက်တိုးသမဝါယမအသင်း၏ နွားမွေးမြူရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အသင်းပိုင် နွားကောင်ရေ ၃၀ မွေးမြူထားရှိမှု နှင့် တိုးပွားလာမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နွားစာအတွက် အဲဗားဂရင်းမြက်၊ နေပီယာမြက်များ တိုးချဲ့စိုက်ပျိုးရန်၊ ဒေသနွားမျိုးအပြင် နိုင်ငံခြားမျိုးများ သားစပ်ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဆက်သွယ် ဆောင်ရွက်ရန်၊ ဝက်မွေးမြူရေးလုပ်ငန်းကိုပါ တိုးချဲ့ဆောင်ရွက်၍ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မွေးမြူရေး သမဝါယမအသင်းဖွဲ့စည်းဆောင်ရွက်ရေး မှာကြားပြီး ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေး က ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များကို ရှင်းလင်းမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

လိုက်လံကြည့်ရှု

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နောင်တရားမြို့ရှိ နောင်တရား အာလူးစိုက်ပျိုးရေး နှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ သဘာဝ မြေဩဇာစက်ရုံသို့ ရောက်ရှိပြီး သဘာဝမြေဩဇာ ထုတ်လုပ်ခွင့်လိုင်စင်ရရှိရေးကိစ္စ၊ ကုန်ကြမ်းရရှိရေးကိစ္စများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း သဘာဝမြေဩဇာထုတ်လုပ်နေမှုကို လိုက်လံကြည့်ရှုသည်။

 အဆိုပါစက်ရုံသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင် တည်ဆောက်ခဲ့ပြီး ယခုအခါ နောင်တရား အမှတ်တံဆိပ်ဖြင့် သဘာဝမြေဩဇာများ စမ်းသပ်ထုတ်လုပ်ကာ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းဒေသမှ အာလူးစိုက်တောင်သူများအတွက် အိတ်ရေ ၂၀၀၀ နှင့် ကလောမြို့နယ် ဟဲဟိုးဒေသ အားလူးစိုက် တောင်သူများအတွက် အိတ်ရေ ၃၀၀၀ ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း၊ တစ်ရက်လျှင် ကီလို ၅၀ အိတ် ၈၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အိတ်ရေ တစ်သိန်း ထုတ်လုပ်သွား ရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းနောက် နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်း၏ အာလူး Tissue Culture မျိုးပွားရေးလုပ်ငန်းအတွက် Green House ဖြင့် စမ်းသပ်စိုက်ပျိုးထား သော သုတေသနလုပ်ငန်းကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးဥက္ကဋ္ဌ ဦးအာကာ လင်း၊ တာဝန်ရှိသူများနှင့်အတူ ပင်းတယမြို့နယ် သရက်ကုန်းကျေးရွာသို့ သွားရောက်ပြီး နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ထွန်းတောက်ကြယ် မွေးမြူရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်း၏ နွားကောင်ရေ ၄၄ ကောင် မွေးမြူ ဆောင်ရွက်နေမှု၊ ပင်းတယမြို့ နယ် ဝါတရာကျေးရွာရှိ ဝါတရာ နွားမွေးမြူရေးသမဝါယမအသင်း လီမိတက်၏ နွားကောင်ရေ ၁၁၀ မွေးမြူထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကလောမြို့နယ် ဝါးရုံပင်ကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော နေဗီယာ မွေးမြူရေးသမဝါယမအသင်း၏ ဒေသနွားကောင်ရေ ၆၂ ကောင် မွေးမြူဆောင်ရွက်နေမှု၊ စွန့်ပစ်နွား‌ချေးများ စုဆောင်း၍ သဘာဝမြေဩဇာအဖြစ် အသုံးပြုမှု၊ သီးနှံစိုက်ခင်းများသို့ ရောင်းချပေးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အေးသာယာစက်မှုဇုန်ရှိ တောင်ကြီးမြို့နယ် သမဝါယမ အသင်းစုပိုင် “မြမဉ္ဇူ” ဆီစက်သို့ ရောက်ရှိပြီး အသင်းအမှုဆောင်များနှင့် တွေ့ဆုံကာ စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်ရေး၊ ကုန်ကြမ်းရရှိရေး၊ စားအုန်းဆီများ တင်သွင်းနေရမှုကို လျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်