Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ငမိုးရိပ်ချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုလျှော့ချရေးအတွက် သောင်တူးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငမိုးရိပ်ချောင်းသောင်တူးလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် သောင်တူးသင်္ဘောကြီးများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများသတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊ သောင်တူးဖော်ခြင်းကြောင့် ကမ်းပြိုကမ်းစားမှုများမဖြစ်ပွား‌စေရေး၊ လုပ်ငန်းခွင်အန္တရာယ်မဖြစ်စေရေး (Safety First) ဂရုစိုက် ဆောင်ရွက်ကြရန်မှာကြားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလဆန်းတွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (မြောက်ပိုင်း) မြို့နယ်များ၊ မြောက်ဥက္ကလာပမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေးအတွက် ငမိုးရိပ်ချောင်းသောင်တူးဖော်ခြင်းလုပ်ငန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ နိုဝင်ဘာ ၁၂ ရက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။

ငမိုးရိပ်ချောင်း ရေကြီးရေလျှံမှုလျော့နည်းစေရေး သောင်တူးခြင်းလုပ်ငန်းကို ငမိုးရိပ်ရေထိန်းတံခါးမှ ငမိုးရိပ်ချောင်းဆုံအထိ အလျား ပေ ၂၃၀၀ နှင့် ငမိုးရိပ် ချောင်းအတွင်း အလျားပေ ၁၀၀၀၀ ကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးက ဆောင်ရွက်လျက်ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွှေပေါက္ကံတံတားမှ အထက်ဘက် စုစုပေါင်း အလျားပေ ၂၅၀၀၀ ၊ အောက်ခြေအကျယ်ပေ ၁၀၀ ၊ တူးဖော်မည့်ပမာဏ ၆၇၂၇၁၀ ကုဗမီတာကို နိုင်ငံတော်ပိုင်သောင်တူးသင်္ဘောကြီးနှစ်စင်းဖြင့် နိုဝင်ဘာ ၁၂ ရက်မှစ၍ တူးဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ အလျားပေ ၁၂၅၀ ခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်