Skip to main content

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ကောလာဟလသတင်းများ၊ MNDAA နှင့် TNLA ပူးပေါင်းအကြမ်းဖက်သမားများမှ Drop ဗုံးများဖြင့် တိုက်ခိုက်ခဲ့မှုအခြေအနေများ၊ ၂၃-၁၁-၂၀၂၃ ရက်နေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ နယ်စပ်ဒေသတွေမှာ အခုဖြစ်ပေါ်နေတယ်လို့ပြောနေတဲ့ Online လိမ်လည်မှုအပြင် တရားမဝင်လုပ်ငန်းများ ပပျောက်စေရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်လျက်ရှိရာမှာ ဒီနေ့မှာတော့ နိုဝင်ဘာလ ၂၃ ရက်နေ့ နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၇၈၈ ဦး အမျိုးသမီး ၁၄၄ ဦး ပေါင်း ၉၃၂ ဦးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ စုစုပေါင်း ၆၁၃၈ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံနယ်ကြားဒေသ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပထမဦးဆုံးပြောကြားလိုပါတယ်။

ဒုတိယအနေနဲ့ကတော့ ရန်ကုန်မှာရှိတဲ့ ကျောင်းတွေမှာတပ်တွေက ဝင်ရောက်တပ်စွဲတယ်ဆိုတဲ့ ကောလာဟလသတင်းဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မှန်ကန်မှုလည်းမရှိပါဘူး၊ အခြေအမြစ်လည်းမရှိပါဘူး။ ဒီဟာနဲ့ပတ်သက်ပြီး မနေ့ကလည်းပြောပြီးဖြစ်ပါတယ်။ ကျောင်းတွေပိတ်လိုက်ရတယ်၊ ကျောင်းတွေမှာ လုံခြုံရေးစိုးရိမ်ရတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။ ပေါ်တာဆွဲတယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်လာပါတယ်။ ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့မှာ ပုံမှန်ကင်းလှည့်တာတွေ၊ ပုံမှန်ဆောင်ရွက်တဲ့လုပ်ငန်းတွေပဲ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။

ဒီနေ့မှာတော့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ မူဆယ်မြို့နယ် ကောင်းခံကျေးရွာအနီးမှာရှိတဲ့ Seven ဟွာကျင့် ကုန်တင်ကုန်ချကားကြီးကွင်း MNDAA နဲ့ TNLA ပူးပေါင်းအဖွဲ့သောင်းကျန်းသူအဖွဲ့က ကောင်းခံရွာရဲ့ တောင်ဘက်ကနေ Drone များနဲ့ ကားတွေ ပေါ် Drop Bomb များ ကြဲချခဲ့တာရှိပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ကို Export တင်သွင်းလာတဲ့ကား ၂၅၈ စီးရှိပါတယ်။ အဓိကတော့ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေ၊ အဝတ်အထည်တွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ တင်ထားတဲ့ကားတွေဖြစ်ပါတယ်။ ဒီကားတွေဟာလမ်းမှာ ကျွန်တော်တို့ မူဆယ် - မန္တလေးလမ်းမကြီးတစ်လျှောက်မှာ TNLA နဲ့ MNDAA အဖွဲ့တွေက ကားလမ်းတွေဖျက်ဆီးပြီး တံတားများချိုးထားတဲ့အတွက် ဒီနေရာမှာ ရပ်တန့်ထားတဲ့ ကားတွေဖြစ်ပါတယ်။ အဲ့ ၂၅၈ စီးထဲကအစီး ၁၂၀ လောက် မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒါကိုကျွန်တော်တို့ မူဆယ်မှာရှိတဲ့ မီးသတ်တပ်ဖွဲ့မီးသတ်ကား လေးစီး လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ တပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်လွယ်တဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ မီးအရှိန်ပြင်းပါတယ်။ ဒီညနေပိုင်း ၄ နာရီလောက်မှ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ကားအစီး ၁၂၀ လောက် မီးလောင်ပျက်စီးခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီနေရာသည် စစ်ရေးနဲ့ဆိုင်တဲ့နေရာလည်းမဟုတ်ပါဘူး။ ဒါပြည်သူ လူထုနဲ့ဆိုင်တဲ့နေရာပဲဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကအချက်အချာကျတဲ့နေရာဖြစ်ပါတယ်။ ပြီးရင် တရုတ်နိုင်ငံဘက်ကနေ တင်သွင်းလာတဲ့ မြန်မာနိုင်ငံအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ လူသုံးကုန်၊ ဆေးဝါး၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေဖြစ်ပါတယ်။ ဒါတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာခြင်းသည် ပြည်သူလူထုကို တိုက်ရိုက်စော်ကားတာဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ စီးပွားရေးကို တိုက်ရိုက်ထိပါးစော်ကားတာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

တိုက်ပွဲဖြစ်စဉ်များအနေနဲ့ကတော့ ကျွန်တော်တို့ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ နမ့်စလပ်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ နှစ်ပတ်ခန့်ရှိပြီဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အင်အားဖြည့်တပ်များလည်း ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီညနေပိုင်းမှာတော့ အင်အားဖြည့်တပ်များရောက်ရှိပြီး ရန်သူအနေနဲ့အကျအဆုံးများစွာရှိတယ်လို့ ကျွန်တော်တို့သိရပါတယ်။ လောက်ကိုင်မှာတော့ မြို့ထဲကို ရှော့တိုက်ဒုံးနဲ့ ၇ လုံး ပစ်ခတ်ခဲ့တာရှိပါတယ်။ လောက်ကိုင် မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့တာရှိပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ ဖယ်ခုံဘက်မှာ ထိတွေ့တိုက်ပွဲအနည်းငယ်ရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ စစ်တွေပုံမှန်အတိုင်းပဲဖြစ်ပါတယ်။ လုံခြုံရေးဆောင်ရွက်လျက်ရှိပါတယ်။ ထရွှန်အိုင်ဘက်မှာတော့ Drop Bomb ချပြီးတိုက်ခိုက်ခဲ့တာရှိပါတယ်။ ဒီနေရာမှာပြောချင်တာကတော့ ကျွန်တော်တို့ဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ပတ်သက်ပြီး ပြည်ဖျက်မီဒီယာများအနေနဲ့ အနောက်နိုင်ငံအထောက်အပံ့ပေးထားတဲ့ မီဒီယာများအနေနဲ့ တရုတ်နဲ့ မြန်မာဆက်ဆံရေးပိုမိုပျက်ပြားလာအောင် တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲအောင် လုပ်ဆောင်နေတာများရှိပါတယ်။ ဒီမူဆယ်မှာရှိတဲ့ ကျင်ဆန်းကျော့ဂိတ်နဲ့ပတ်သက်ပြီး MNDAA , TNLA အကြမ်းဖက်သောင်းကျန်းသူတွေ Drop Bomb ချပြီးပစ်ခတ်တာကို တပ်မတော်က ပစ်ခတ်သယောင်မျိုးလုပ်ခဲ့တာကို အလုအယက်ချက်ချင်းထုတ်လွှင့်နေခဲ့တာ တွေ့ရပါတယ်။ ဘယ်သူတွေလုပ်တယ်ဆိုတာ ဒီနယ်မြေမှာရှိတဲ့ ဒေသခံတွေသိပါတယ်။ ဘယ်သူတွေက မီးငြှိမ်းသတ်ပေးနေရတယ်ဆိုတာ ဒီနယ်မြေမှာရှိတဲ့ဒေသခံတွေရော၊ သက်သေတွေရောရှိတယ်လို့ ပြောချင်ပါတယ်။ ဒီလိုအချိန်မျိုးမှာတော့ ကောလာဟလသတင်းမျိုးစုံထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ နိုင်ငံတစ်နိုင်ငံမှာ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေးက အရေးကြီးပါတယ်။ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍတွေမှာ ကောလာဟလသတင်းမျိုးစုံ ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒါတွေဟာ ခုမှလုပ်တာမဟုတ်ပါဘူး။ ယခင်ကတည်းကတိုင် ဗကပရဲ့နည်းလမ်းဟောင်းတွေပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ၁၉၆၇ လောက်မှာ မြန်မာနိုင်ငံမှာ အရေးအခင်းတစ်ခုဖြစ်ခဲ့ဖူးတယ်။ အဲ့တာနဲ့ ပတ်သက်ပြီးတော့ကျ ဗကပကအဲဒီတုန်းက ဥက္ကဋ္ဌဖြစ်နေတဲ့ ဗသိန်းတင်က အသံလွှင့်စကားတစ်ခု ပြောခဲ့ဖူးတယ်။ ၁၉၆၇ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ပေါ့။ ဒီမှာဆိုရင် သူတို့ရဲ့နယ်မြေတစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းတိုးတက်လာပြီတို့၊ တစ်ပြည်လုံးရဲ့ ၆၀ ရာခိုင်နှုန်းကို တိုက်ခိုက်ရေးအင်အားတွေ ဖုံးလွှမ်းနိုင်ပြီဆိုတဲ့ဟာမျိုး ထုတ်လွှင့်ခဲ့ပါတယ်။ ဒါ့အပြင် မနှစ်က အောက်တိုဘာလမှာဆိုရင် ကျွန်တော်တို့တပ်တွေက ရန်ကုန်မှာရှိတဲ့ နေဝင်းရဲ့အိမ်နဲ့နှစ်မိုင်လောက်ရှိတဲ့ လက်နက်ကိုင်ဌာနတစ်ခုကို ဝင်ရောက်စီးနင်းခဲ့တယ်။ နိုဝင်ဘာလမှာ ရန်ကုန်မြို့ဆင်ခြေဖုံးက သမဝါယမဆိုင်တွေကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ပစ္စည်းတွေကို ပြည်သူလူထုကိုဝေခဲ့တယ်ဆိုပြီးတော့ ပြည်ပအသံလွှင့်ဌာနတစ်ခုကနေ ချိတ်ဆက်အသံလွှင့်ခဲ့တာမျိုး၊ သူတို့ကိုယ်ပိုင်အသံလွှင့်ဌာနကနေ ချိတ်ဆက်အသံလွှင့်ခဲ့တာမျိုးတွေအထိ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါမျိုးအလုပ်မျိုးတွေကို ဒီနည်းလမ်းဟောင်းတွေအတိုင်းပဲ ဆက်လက်ကျင့်သုံးနေမှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပြောနိုင်တာ၊ ပြောရမှာ၊ ပြောချင်တာကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ၊ ကျွန်တော်တို့ရဲ့ ဦးတည်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေအတိုင်းပဲ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ရှေ့လုပ်ငန်းစဉ်မှာ နိုင်ငံရေးမျှော်မှန်းချက်၊ အမျိုးသားရေးရည်မှန်းချက်တွေရှိပြီး ဖြစ်ပါတယ်။ ပြည်သူလူထုလိုလား တောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ မလွဲမသွေဆက်လက်လျှောက်လှမ်းမှာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို ကျွန်တော်တို့ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေမှအပ ကျွန်တော်တို့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့၊ ရပ်တည်နိုင်ဖို့ အခြားသောနည်းလမ်း မရှိပါဘူး။ ဒါ့ကြောင့် ဒီအချိန်မှာ ပြည်သူလူထုတစ်ရပ်လုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ စည်းလုံးညီညွတ်စွာနဲ့ လက်တွဲဆောင်ရွက်ရမယ့်အချိန်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သတင်းစဉ်