နေပြည်တော် နိုဝင်ဘာ ၂၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစပယ်အစိုးရ နိုင်ငံ ခြားရေးရာဌာန၏ ဖိတ်ကြားချက် အရ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့် မြို့၌ ကျင်းပမည့် ၂၀၂၃ စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက် ရေးဖိုရမ် (2023 Sichuan-Chongqing & Mekong Countries Sub-national Cooperation Forum) သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။
ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ကိုယ်စားလှယ်သုံးဦး လိုက်ပါသွားကြသည်။
ရည်ရွယ်ကျင်းပ
မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အကျိုးဖြစ်ထွန်းစေရန်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ချန်ဒူး-ချုံချင့်ဒေသနှင့် မဲခေါင် နိုင်ငံများအကြား ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရန် ရည်ရွယ်ပြီး အဆိုပါ ဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
