နေပြည်တော် နိုဝင်ဘာ ၂၁
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတစ်ရပ် အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိရာယနေ့တွင် လယ်ဝေးမြို့နယ်၌ ပထမနေ့အဖြစ် လယ်ဝေးမြို့နယ် စည်ပင်သာယာရေးကော်မတီ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက် ကြရာ မဲဆန္ဒရှင်ပြည်သူများက မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit)ကို ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ပြီး မဲပေးစက်မှ ထုတ်ပေးသည့်မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ အမှတ် (၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃)ရပ်ကွက်၊ အမှတ် (၄)ရပ်ကွက်၊ အမှတ် (၅)ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက်၊ အမှတ် (၇)ရပ်ကွက်၊ ရေအိုးစင်ကျေးရွာ အုပ်စု၊ လယ်တာကြီးကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဥသျှစ်လှိုင်း ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ မြွေရိုးကျောင်းစုကျေးရွာအုပ်စု၊ သက္ကာယ် ချင်းကျေးရွာအုပ်စု၊ ရှားချောင်းကျေးရွာ အုပ်စု၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာအုပ်စု၊ ဝက္ကမူကျေးရွာအုပ်စု၊ ဒလန့်ချွန်ကျေးရွာအုပ်စု၊ စွယ်တော်မျှောင် ကျေးရွာအုပ်စုနှင့်မင်းပြင်ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။
မဲဆန္ဒရှင်များအနေဖြင့် အချိန်တို အတွင်းဆန္ဒမဲများကို ပွင့်လင်းမြင်သာမှု ရှိစွာဖြင့်မှန်မှန်ကန်ကန် မဲပေးဆောင်ရွက် နိုင်သည့်အပြင် ပယ်မဲများ မရှိနိုင်တော့သည့်အတွက် စိတ်ချယုံကြည်မှုအပြည့်ဖြင့် စမ်းသပ်မဲပေးခဲ့ကြကြောင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၆၇ ခုမှ မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်းသရုပ်ပြခြင်းနှင့် စမ်းသပ်မဲပေးခြင်းများကို နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
