နေပြည်တော် နိုဝင်ဘာ ၂၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် အမျိုးသား ရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည့် မျိုးဆက်သစ်အင်ဂျင်နီယာကောင်းများကို အရည်အသွေးပြည့်မီစွာ မွေးထုတ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နည်းပညာ တက္ကသိုလ်များတွင် လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် မန္တလေးနည်းပညာတက္ကသိုလ်သို့ ရောက်ရှိခဲ့ရာ တွေ့ဆုံပွဲ၌ ဒုတိယပါမောက္ခချုပ်နှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးခဲ့ကာ ပြည်သူများအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် Electronics အင်ဂျင်နီယာဌာနက ဖွင့်လှစ်သင်ကြားသောနည်းပညာ တက္ကသိုလ်များမှ ဆရာဆရာမများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းတွင် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။ ဆက်လက်၍ in-house training တက်ရောက်နေသာ ဘွဲ့ကြို သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံတော်က အမှန်တကယ် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ် လူငယ်ကောင်း များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် Nuclear အင်ဂျင်နီယာဌာနတွင် ပါရဂူဘွဲ့သင်တန်းသူ တစ်ဦး က Effect of Recycled Plastics in Concrete and Application of Gamma Shielding သုတေသန ဆောင်ရွက်နေမှုအခြေအနေ၊ စာကြည့်တိုက်နှင့် ကျောင်းဝင်းအတွင်း လှည့်လည်စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။
နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်း များနှင့် တွေ့ဆုံခဲ့ကာ နိုင်ငံတော်ရေရှည် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေး ဖော်ဆောင်ပေးနိုင်မည့် သုတေသနစီမံကိန်းများဖြင့် ရှင်သန် သက်ဝင် နေသော တက္ကသိုလ်ရပ်ဝန်းဖြစ်စေရေးနှင့် နိုင်ငံ့အကျိုးပြု မျိုးဆက်သစ်လေကြောင်းနှင့် အာကာသအင်ဂျင်နီယာ ကောင်းများကို စံနှုန်းများနှင့်အညီ မွေးထုတ်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်နှင့် လက်တွေ့ခန်းများ၌ စစ်ဆေးခဲ့ပြီး လေကြောင်းနှင့် အာကာသပညာ ပြခန်း၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ လူထုအခြေပြုပရဟိတရန်ပုံငွေ “ယဉ်ကျေးဖလှယ် စုပေါင်းညီညာ၊ ဤကမ္ဘာ” အစီအစဉ်ဖြင့် လှူဒါန်းထားသည့် ကမ္ဘာ့ပထမဆုံးအာကာသ ယာဉ်မှူးဖြစ်သည့် ယူရီဂါဂါရင် အထိမ်းအမှတ်ရုပ်တုနှင့် Vostoak 1 အာကာသယာဉ်၊ သမိုင်းကြောင်းများ၊ စူးစမ်း လေ့လာမှုများနှင့် အခြားပြသထားမှုများကို ကြည့်ရှုခဲ့ပြီး ပြေးလမ်းရှစ်ခုပါ ဘောလုံးကွင်းတည်ဆောက် ပြီးစီးမှုနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နည်းပညာ တက္ကသိုလ်(မိတ္ထီလာ)သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်ဌာနများရှိ လက်တွေ့ခန်းများကိုကြည့်ရှု စစ်ဆေးပြီး စက်မှုဇုန်နှင့် MSMEs လုပ်ငန်းများရှိ ကုန်ထုတ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်
