Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာဂလ- သန့်ဇင်လှ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းအားလုံးပြီးစီးပါက သာဂလ၊ သန့်ဇင်လှ ကျေးရွာ အပါအဝင် ကျေးရွာသုံးရွာရှိ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမစနစ်ဖြင့် ဆောင်ရွက်နေသော ပုဗ္ဗသီရိမြို့နယ် သပြေစမ်းကျေးရွာနေ တောင်သူဦးအောင်ခိုင်၏ မိုးစပါးရိတ်သိမ်းနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက GW-11 မိုးစပါးမျိုး အနေဖြင့် တစ်ဧကလျှင် စပါးတင်းရေ ၁၁၈ တင်းထွက် ရှိမှုနှင့် GW-18 စပါးမျိုး အနေဖြင့် စပါးတင်းရေ ၁၀၀ ထွက်ရှိမှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာမြစိမ်း ရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ ကျေးရွာရေ ပေးရေးကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ နှင့်တွေ့ဆုံပြီး နိုင်ငံတော်မှ သမဝါယမစနစ်ဖြင့် ကျေးရွာတောင်သူ များအား သွင်းအားစုရရှိရေးနှင့် နည်းပညာရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့ပြင် ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေများ ပြန်လည်ပေးဆပ်မှသာ ပြန်လည်ထုတ်ချေးပေး နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းမှ ရရှိလာသည့် အတိုးငွေများဖြင့် မိမိတို့ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးရွာအဝင် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ထားရှိသော အိမ်တိုင်ရာရောက် ရေမီတာစနစ်သုံး ရေပေး ဝေရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာသူကျေးရွာသားများ တတ်နိုင်သောနှုန်းဖြင့် ရေခွန်ရေခကောက်ခံ သွားရန်နှင့် ရေပေးဝေရေးလုပ်ငန်း များရေရှည် တည်တံ့ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်