တွေ့ဆုံမေးမြန်း - နှင်းဆီနွယ်၊ ဓာတ်ပုံ - သူရအောင်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားမြှင့်တင်နိုင်ရေးအတွက် အဓိကကျသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို နိုင်ငံတော်က အားပေးလျက်ရှိသည်။ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည်လည်း ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်မှု စွမ်းရည်မြင့်မားစေရန် လုပ်ငန်းရှင်များက ကြိုးစားဆောင်ရွက်လျက်ရှိသည်။
မွန်ပြည်နယ်တွင် မြို့နယ်အလိုက် အလားအလာရှိသော ဒေသထွက်ကုန်များမှ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product)အစီအစဉ်ဖြင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းချိုသာပြီး အဆင့်မီစွာသုံးစွဲနိုင်သည့် ကုန်ပစ္စည်းများကို တွင်ကျယ်စွာအသုံးပြုနိုင် ရေးသက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ် ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ပုဂ္ဂလိကစက်မှု လုပ်ငန်းဥပဒေအရ မွန်ပြည်နယ် အတွင်းရှိ ပုဂ္ဂလိကစက်မှုလုပ်ငန်းပေါင်း ၂၄၅၉ ခုကို မှတ်ပုံတင်ထုတ် ပေးထားပြီး ဖြစ်သည်။ ၂၀၁၅ ခုနှစ် MSME ဥပဒေ၊ ၂၀၁၇ ခုနှစ် နည်း ဥပဒေအရ အသေးစားစီးပွားရေးလုပ်ငန်း ၁၁၅၇ ခု၊ အလတ်စား စီးပွားရေးလုပ်ငန်း ၂၁၉ ခုတို့ကို MSME Member Card စုစုပေါင်း ၁၃၇၆ ကတ်ထုတ်ပေးခဲ့ပြီး ပြည်နယ်အတွင်း မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းလည်ပတ်နိုင်ရေး၊ လုပ်ငန်းများချဲ့ထွင်နိုင်ရေး၊ လိုအပ်သော ချေးငွေရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးများကို ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
ယင်းလုပ်ငန်းများအနက် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာမှ ယခင်က မိသားစုတစ်ပိုင်တစ်နိုင် ကျောက်သင်ပုန်းလုပ်ငန်းကို လက်ဆောင်ပစ္စည်းလုပ်ငန်းအဖြစ် ပြောင်းလဲလုပ်ကိုင်နေသော ဦးအောင်မိုးခိုင်နှင့် တွေ့ဆုံ၍ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ ကို မေးမြန်းတင်ပြလို က်ပါသည်။
မေး။ ။ ကျောက်သင်ပုန်းလုပ်ငန်းကို ဘယ်အချိန်က စလုပ် ဖြစ်ပါသလဲ။ ကုန်ကြမ်းကို ဘယ်လိုရရှိပါသလဲ။
ဖြေ။ ။ ကျောက်သင်ပုန်းလုပ်ငန်းကို မျိုးရိုးစဉ်ဆက် အဘိုး အဘွား၊ အဖေအမေ ကစပြီး အခုအချိန်ထိ လုပ်ခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပါပြီ။ ကုန်ကြမ်းကို အရင်က မုဒွန်းကျေးရွာ ကျောက်သင်ပုန်းတောင်ကရရှိပါတယ်။ အနည်ကျကျောက်ကနေ အသွင်ပြောင်းတဲ့ သင်ပုန်းကျောက်အမျိုးအစားပါ။ ကျောက်သား အနည်းငယ်ပွလို့ ရွေဖော်ထိုးပြီး ဆောင်ရွက် ရပါတယ်။ နောက်ပိုင်း ကုန်ကြမ်းထုတ်လုပ်မှု ကုန်ကျစရိတ်များလာလို့ ကျောက်တွင်းကို ရပ်နားလိုက်ပြီး ပေါင်မြို့နယ် ရင်းငြိမ်ဘက်ကထွက်တဲ့ သင်ပုန်း ကျောက်ကို ဝယ်ယူပြီး ဆောင်ရွက်တာပါ။ ရင်းငြိမ်ဘက်ကထွက်တဲ့ ကျောက်က သံဓာတ်ပါဝင်မှုများတဲ့အတွက် ကျောက်သားမာလို့ ကျောက်စက်နဲ့တိုက်ပြီး ဆောင်ရွက်ရပါတယ်။ ပိုမို ခိုင်ခံ့မှုရှိပါတယ်။ ကုန်ကျစရိတ်လည်း ကွာခြားမှုမရှိပါဘူး။
မေး။ ။ ဘယ်ဒေသတွေကို ဖြန့်ချိပါသလဲ။
ဖြေ။ ။ ကျောက်သင်ပုန်းက မုဒွန်းကျေးရွာမှာသာ ထုတ်လုပ်ပြီး အရင်ကကျောင်းသုံးဖြစ်တဲ့ အတွက် မြန်မာတစ်နိုင်ငံလုံး ဖြန့်ချိရပါတယ်။ အခုကျောင်းသုံးတာ ခေတ်မရှိတော့တဲ့အတွက် လက်ဆောင်ပစ္စည်းကဏ္ဍအဖြစ် ပြောင်းလဲပြီး မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးမြို့တွေကို ဖြန့်ချိရပါတယ်။ ပန်းချီကား၊ တိုင်ကပ်နာရီ၊ ကြော်ငြာဆိုင်းဘုတ်စသည်ဖြင့် ပြောင်းလဲဆောင်ရွက်ပြီး ပါကင်လှလှ ထုပ်ပိုးပြီး ခရီးသွားတွေကို ဆွဲဆောင်ရပါတယ်။ နွေရာသီခရီးသွား ဧည့်သည်များရင် ပိုပြီးရောင်းအားကောင်းပါတယ်။ နိုင်ငံခြားသား တွေလည်း အိမ်အထိလာ ဝယ်ကြပါတယ်။ ဖောက်သည်ဝယ်ယူသူ တွေကတော့ နိုင်ငံခြားအထိ ပို့တာမျိုးတွေရှိတယ်။
မေး။ ။ ကျောက်သင်ပုန်းကနေ လက်ဆောင်ပစ္စည်းအမျိုးအစား ဘယ်နှမျိုးထုတ်လုပ်ပါသလဲ။ ဘယ်လိုပစ္စည်းမျိုးက ပိုပြီးရောင်းအားကောင်းပါသလဲ။
ဖြေ။ ။ ပစ္စည်းအမျိုးအစား ၁၀ မျိုးခန့် ထုတ်လုပ်ပါတယ်။ ကျောက်သင်ပုန်းပန်းချီ၊ ကျောက်သင်ပုန်းနာရီ၊ ကြော်ငြာအမျိုးမျိုး၊ ဖိတ်စာအမျိုးမျိုး၊ နှစ်ပတ်လည်အထိမ်းအမှတ်၊ အစားအသောက်မီနူးများ စတဲ့ပစ္စည်းတွေကို ထုတ်လုပ်ပါတယ်။ နှစ်ပတ်လည်အထိမ်း အမှတ်ပစ္စည်းမျိုး ကျောင်းတွေကမှာရင် ထောင်ချီပြီးရောင်းရပါတယ်။ မင်္ဂလာဖိတ်စာဆိုရင် သူတို့ဖိတ်ကြားတဲ့ အရေအတွက်လောက် ဆောင်ရွက်ပေးရပါတယ်။ နာရီတွေလည်း ရောင်းအား ကောင်းပါတယ်၊ စားသောက်ဆိုင်တွေမှာရနိုင်တဲ့ အစားအသောက်မီနူး ကြော်ငြာတွေရေးရ တာမျိုးလည်းရှိပြီး အလှဆင်တဲ့ ပုံတွေ မှာတာမျိုးလည်းရှိပါတယ်။
မေး။ ။ ကျောက်သင်ပုန်းပြုလုပ်ပုံ အဆင့်ဆင့်ကို ပြောပြပေးပါ။ ကျောက်သင်ပုန်းပေါင်က ဘယ်သစ်အမျိုးအစားကို သုံးပါသလဲ။
ဖြေ။ ။ သင်ပုန်းကျောက်ကြမ်းတွေကို ရွေဖော်ထိုးခြင်း (ကျောက်စက်နဲ့ဖြတ်ခြင်း)၊ ကတ်ကြေးနဲ့ လေးဖက်လေးတန်ညီအောင် ညှိပေးခြင်း၊ စက်နဲ့ချောပေးခြင်း၊ ရေဆေးခြင်း၊ နေပူလှန်းခြင်း၊ ဆေးမည်းသုတ်ခြင်း၊ အခြောက်ခံခြင်း၊ ပေါင်ဖြတ်ခြင်း၊ အနားလုံးခြင်း၊ ရွေဖော်ထိုးခြင်း၊ ပေါင်သွင်းခြင်း၊ ကော်ပတ်နဲ့ အချောကိုင်ခြင်း၊ လေးဖက်လေးတန်သံရိုက်ခြင်းတွေ အဆင့်ဆင့် ဆောင်ရွက်ရပါတယ်။ ကျောက်သင်ပုန်းပေါင် သစ်အမျိုးအစားကတော့ သစ်ဖြူသားကို သုံးရပါတယ်။
မေး။ ။ မုဒွန်းကျေးရွာမှာ ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူ ဘယ်နှဦး ရှိပါသလဲ။
ဖြေ။ ။ ကျောက်သင်ပုန်းလုပ်ငန်းက မုဒွန်းရွာမှာပဲရှိတဲ့အတွက် လက်ရှိလုပ်ငန်းလုပ်ကိုင်သူ ခုနစ်ဦးရှိပါတယ်။
မေး။ ။ ဈေးကွက်အတွင်း လူသိများလာအောင် ဘယ်လို ဆောင်ရွက်နေပါသလဲ။ ဘယ်လိုပံ့ပိုးမှု တွေများ ရှိသလဲ။
ဖြေ။ ။ ကျွန်တော့် ကျောက်သင်ပုန်းလုပ်ငန်းက တစ်ပိုင်တစ်နိုင် မိရိုးဖလာလုပ်ငန်းကို လက်ဆင့်ကမ်းဆောင်ရွက်လာတာပါ။ MSME Member ဝင်ခဲ့ပြီး MSME Member Card လည်းရှိပါ တယ်။ ပြည်နယ်အစိုးရကဆောင်ရွက်တဲ့ ကုန်စည်ပြပွဲတွေနဲ့ မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော်တို့မှာ ကျောက်သင်ပုန်းအမှတ်တရ ပစ္စည်းတွေ ပြသခြင်း၊ ရောင်းချခြင်းတွေ ဆောင်ရွက်တာမျိုးရှိပါတယ်။ ပြပွဲတွေ ဆောင်ရွက်ပေးတဲ့အတွက် ရောင်းအားကောင်းပြီး အဆင်ပြေပါတယ်။
မေး။ ။ တခြားဘာများပြောချင်တာရှိပါသလဲ။
ဖြေ။ ။ မိဘပြည်သူများအနေနဲ့ မွန်ပြည်နယ်ကထွက်တဲ့ သဘာဝအရင်းအမြစ်ကနေ ပြုလုပ်ထားတဲ့ကျောက်သင်ပုန်းကို ထုတ်လုပ်မှုတိုးတက်လာအောင် ပြည်တွင်း ထုတ်ကုန်ဖြစ်တဲ့ အမှတ်တရပစ္စည်းတွေကို အားပေးကြပါ။ အရည်အသွေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍမြှင့်တင်ပြီး ပြည်ပအထိ ထိုးဖောက်နိုင်အောင် ကြိုးစားဆောင် ရွက်နေပါတယ်။
နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်တွင် နေထိုင်ကြပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များသည် ကျေးလက်တွင် များစွာရှိနေသည်။ တစ်ပိုင်တစ်နိုင် MSME စီးပွားရေးလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ကုန်ကြမ်းထုတ်လုပ်မှုမှ ကုန်ချောထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုအထိ ကွင်းဆက်တစ်လျှောက် ပါဝင်လုပ်ကိုင်သူများ ဝင်ငွေရရှိမှုရှိသဖြင့် MSME လုပ်ငန်းများ တိုးတက်အောင်မြင်လာသည်နှင့်အမျှ ကျေးလက်ဒေသများ၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ပြီး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ။