နေပြည်တော် နိုဝင်ဘာ ၂၁
ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြု များ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင်ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ချောင်းသာမြို့သို့ ရောက်ရှိ ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ချောင်းသာမြို့ တိုက်နယ် ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ချောင်းသာမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၂၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကု ဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၂၅ ဦး၊ ခွဲစိတ်ရောဂါ ၅၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၉ ဦး၊ ကလေး ရောဂါ ၆၅ ဦး၊ အရိုးရောဂါ ၁၃၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ ၇၀၊ မျက်စိရောဂါ ၂၂၆ ဦး နှင့် သွားနှင့်ခံတွင်းရောဂါ ၉၅ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၆၇ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၂၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ သုံးဦးတို့ကို နီးစပ်ရာ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
အလားတူ ဧရာဝတီမြစ် ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ ဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ဇလွန်မြို့ရှိ ရဟန္တာဦးသီလဓာတ်တော် စေတီ ဝင်းအတွင်းရှိ ဦးသီလ သာသနာ့ ဗိမာန်၌ အခြေပြု၍ ဇလွန်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၀၃ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၁၅၇ ဦး၊ ခွဲစိတ်ရောဂါ ခြောက်ဦး၊ သားဖွား/ မီးယပ်ရောဂါ ခြောက် ဦး၊ ကလေးရောဂါ ကိုးဦး၊ အရိုး ရောဂါ ၅၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၃ ဦး၊ မျက်စိ ရောဂါ ၁၂၆ ဦးနှင့် သွားရောဂါ ၁၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ရှစ်ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ခြောက်ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိအပ်သူ နှစ်ဦးကို နီးစပ်ရာတပ်မတော် ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလို ကြားသိခဲ့ရသည်။
ဦးသီဟအောင် (အုပ်ချုပ်ရေးမှူး၊ ချောင်းသာမြို့)
ကျွန်တော်ကတော့ ချောင်း သာမြို့မှာ မြို့အုပ်ချုပ်ရေး တာဝန်ယူ ဆောင်ရွက်ရပါတယ်။ ဒီကပြည်သူတွေအတွက် ကျန်းမာ ရေး၊ စီးပွားရေး၊ လူမှုရေး အဲ့တာ တွေ အကုန်လုံး ဆောင်ရွက်ရပါ တယ်။ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်သင်္ဘော (သံလွင်) အခမဲ့ဆေးကုသရေးအဖွဲ့ လာရောက်တဲ့အခါမှာ ဒေသခံ ပြည်သူတွေ ဆေးကုသနိုင်ဖို့ အတွက် ကျွန်တော်တို့ အုပ်ချုပ် ရေး အဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဆော်ဩတာတွေ၊ စုရပ်လုပ်တာတွေ၊ သူတို့ နားခိုဖို့အတွက် ဆောင်ရွက်ပေးပါတယ်။ သွားရေး လာရေးအတွက် ကား တွေ၊ ရေယာဉ်တွေ ဆောင်ရွက်ပေးထားပါတယ်။ သူတို့စားဖို့ သောက်ဖို့၊ နေဖို့ထိုင်ဖို့ စီစဉ် ဆောင်ရွက်ထားပါတယ်။ အခုလို တပ်မတော် အခမဲ့ဆေးကုသရေးအဖွဲ့ လာရောက်တဲ့အတွက် ကျွန်တော်တို့ ဒေသမှာလည်း ဆေးသွားရောက်ကုသမယ်ဆိုရင် မြို့ပေါ်သွားရမှာနဲ့ ရေတစ်တန်၊ ကုန်းတစ်တန်နဲ့ဆိုတော့ များစွာ အခက်အခဲရှိပါတယ်။ ဒီမှာ ၂၅ ခုတင်ဆံ့ ဆေးရုံပဲရှိတာဖြစ်တဲ့ အတွက် လုံလောက်မှုတော့ မရှိပါ ဘူး။ အဲဒီအတွက် ရောဂါပေါင်းစုံ ကို ကုသနိုင်တဲ့ ဆရာဝန် ပါရဂူ ကြီးတွေ ကုသတဲ့ မပြည့်စုံတဲ့ မိသားစုတွေက အဝေးကိုမသွားရဘဲ ဒီအနီးမှာ ကုသရတဲ့အတွက် အားလုံး အဆင်ပြေတယ်၊ အကျိုး ကျေးဇူးလည်းရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒေသခံ တွေကလည်း ကြိုဆိုပါတယ်။ ဒီကပြည်သူတွေကလည်း ကျေးဇူးတင်ပါတယ်။ ဌာနဆိုင်ရာများ ကလည်း ကျေးဇူးတင်ပါတယ်။ နောက်နောင်လည်း ဒီလိုကုသပေးဖို့ ကျွန်တော်တို့ အရပ်ဒေသကနေ ဖိတ်ခေါ် ပါတယ်။ အခုလိုလာရောက် ဆေးကုနိုင်အောင် စီစဉ်ပေးတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဆရာဝန်ကြီးတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။
ဉူးဥတ္တမ(ရေလယ်ပရိယတ္တိစာသင်တိုက်၊ ဇလွန်)
နားမကြားတဲ့ ရောဂါပေါ့နော် အဲဒါကြောင့် လာရောက်ပြသတာပါ။ ပြသတဲ့အခါမှာ ဒီက ဆရာဝန်တွေ၊ ဆရာမတွေ အားလုံးကလည်း လိုအပ်တာ မှန်သမျှ အကုန်လုံး အဆင်ပြေအောင် ဆောင်ရွက်ပေး ပါတယ်။ ဆေးဝါးကအစ ဘာမှပြောစရာမရှိအောင် ဆောင်ရွက်ပေးပါတယ်။ ဦးပဉ္စင်း တို့အနေနဲ့ သူတို့က ဒီလို ဒီအကြောင်းပဲ၊ ဦးပဉ္စင်းမှာ ရောဂါရှိရင် လာရောက်ပြသလို့ရတယ်၊ သူ့ဌာနနဲ့သူဆိုလို့ လာရောက် ပြသခြင်းဖြစ်ပါတယ်။ ဒကာ၊ ဒကာမတွေအတွက်လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတိုင်းအတာကို သူတို့ပေးသွား တာပဲလေ။ သူတို့ကိုပေးသွားတဲ့ အခါမှာသူတို့အတွက် ကိုယ်ကျိုး ဆိုတာ ဘာရှိလို့လဲ၊ သူတို့တတ်တဲ့ ပညာနဲ့ ဇီဝိတဒါန အကုန်လုံး ရဟန်းသံဃာတွေကအစ လူတွေ အကုန်လုံးကို လာပြီးတော့ ကုသပေးတာ အလွန်ကျေးဇူး တင်ဖို့ ကောင်းပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ကျေးဇူးတရားကို သိတတ်မယ်ဆိုရင် အလွန်ကျေးဇူးတင်သင့်ပါတယ်။ ဘယ်လိုပဲဖြစ်နေနေ၊ ဘာပဲ ဖြစ်ဖြစ် အဓိက ကတော့ ဘယ်နေရာပဲ ရောက်ရောက် ရိုးရိုး သားသားနဲ့ နေထိုင်ကြမယ်ဆိုရင်၊ ရိုးသားမှုတစ်ခုကို အခြေခံမယ်ဆိုရင် အားလုံးကအေးချမ်းစွာနဲ့ နေထိုင်လှုပ်ရှားကြမှာပါ။ ဦးပဉ္စင်း ကလည်း ဒကာတို့ဆေးကုမှု အဖွဲ့အားလုံးကို အားလုံးကိုယ်စား ကျေးဇူးအထူးတင်ပါတယ်ကွယ်။ သတင်းစဉ်
