Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

မြန်မာနိုင်ငံအစိုးရအနေဖြင့် ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း) နယ်စပ်ဒေသတွင် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ရှမ်းပြည်နယ် (အရှေ့မြောက်ပိုင်း) အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် မြန်မာအမျိုးသားရေးကွန်ရက်မှ ဆန္ဒပြမှုများအား အနောက်အုပ်စုအားပေးမီဒီယာများက နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများအား အကြမ်းဖက် အဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်းထားသော အခြေအနေများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

အွန်လိုင်းငွေလိမ်လည်မှုပြဿနာများ

ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ နယ်စပ်ဒေသတရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ၊ ရှမ်းပြည်နယ် (အရှေ့မြောက်) ဒေသမှာ အွန်လိုင်းငွေလိမ်လည်မှုပြဿနာများနဲ့ ပတ်သက်ပြီး တရားမဝင်ဝင်ရောက်နေထိုင်တဲ့ လူများရှာဖွေဖော်ထုတ်တာတွေ၊ ဖမ်းဆီးတာတွေ၊ လွှဲပြောင်းပေးတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာလည်း တရုတ်နိုင်ငံသား အမျိုးသား ၁၈၁၆ ဦး၊ အမျိုးသမီး ၄၃ ဦး၊ ပေါင်း ၁၈၅၉ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရထံ လွှဲပြောင်းပေးပြီးဖြစ်ပါတယ်။ အောက်တိုဘာလ ၃၁ ရက် နေ့မှ ယနေ့အထိတရားမဝင် ဝင်ရောက်နေထိုင်သူအမျိုးသား ၃၇၃၃ ဦး၊ အမျိုးသမီး ၁၈၅ ဦး၊ စုစုပေါင်း ၃၉၁၈ ဦး လွှဲပြောင်းပေးပြီးဖြစ်ပါ တယ်။ အွန်လိုင်းလိမ်လည်မှုကိစ္စတွေဟာ ကျွန်တော် ခဏခဏ ပြောသလို မြန်မာနိုင်ငံက တရုတ်နိုင်ငံကို လိမ်လည်တာလည်း မဟုတ်ဘူး။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လိမ်လည်တာလည်း မဟုတ်ဘူး။ ပြည်ပြေးရာဇဝတ်မှု ကျူးလွန်ထားတဲ့ ရာဇဝတ်သား တရုတ်တွေက မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်း များနဲ့ပူးပေါင်းပြီး နှစ်နိုင်ငံစလုံးကိုလိမ်နေတာဖြစ်ပါတယ်။ နှစ်နိုင်ငံပြည်သူ ပြည်သားအားလုံးကို လိမ်လည်တာဖြစ်ပါတယ်။ နှစ်နိုင်ငံလုံး နစ်နာရတာဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အမြစ်ပြတ်ချေမှုန်းနိုင်ရေး ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။ ကျွန်တော်တို့တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတာကို ပြည်ဖျက်မီဒီယာများပေါ့။ အဓိကတော့ အနောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့ မီဒီယာများအနေနဲ့ မဟုတ်မမှန် သတင်းတွေ ထုတ်လွှင့်ပြီး တရုတ်- မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံပြည်သူလူထုအကြား အထင်အမြင်လွဲစေရေး ဆောင်ရွက်နေ တာတွေရှိပါတယ်။

ဒီအထဲမှာ တရုတ်ကလိုချင်တဲ့သူတွေမပါတဲ့အတွက် မြောက်ပိုင်းအဖွဲ့တွေက ဆက်တိုက် နေတယ်ဆိုတဲ့ တိုက်ပွဲတွေ ဆင်နွှဲနေတယ်ဆိုတဲ့ ပုံစံတွေဒါတွေသည် နှစ်နိုင်ငံဆက်ဆံရေးမှာ အထူးသတိပြုရမယ့် အချက်တွေဖြစ်ပါတယ်။ သူတို့လိုချင်တာက နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ပျက်စီးစေရေးရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေ တာဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာအမျိုးသား ရေးကွန်ရက်အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှု တွေအပေါ်မှာ ဆန္ဒပြတာတွေရှိပါတယ်။ ဒါကိုလည်း နှစ်နိုင်ငံဆက်ဆံရေးပျက်ပြား စေရေးအတွက် အနောက်အုပ်စုအားပေး မီဒီယာများက ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ ဒီနေရာမှာ သတိထားစရာကောင်းတဲ့အချက် ကတော့ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု တွေကို အဓိက မြန်မာနိုင်ငံထဲမှာ သတင်းဖြန့်ပေးနေတာက အနောက်နိုင်ငံရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ သတင်းဌာနတွေက အဓိကဖြစ်နေကြောင်း တွေ့ရပါတယ်။ ထပ်ပြီးထူးခြား မှုရှိတာက ဒီအကြမ်းဖက် MNDAA ရဲ့ တရုတ်ဘာသာနဲ့ရေးသားတဲ့ သတင်းတွေ၊ Website တွေမှာတောင် မတင်သေးဘူး။ အနောက်အားပေးနိုင်ငံတစ်ခုမှာ ရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုနဲ့ရပ်တည်နေတဲ့ မီဒီယာမှာ ဦးစွာပါလာတာတွေ့ရပါတယ်။ ပြီးရင် MNDAA အဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ သတင်းတွေကိုတင်နေတာလည်း တွေ့ရပါတယ်။ MNDAA အဖွဲ့မှာလည်း သတင်းပြန်ကြားရေးအဖွဲ့ ရှိပါတယ်။ အဲဒီသတင်းပြန်ကြားရေးအဖွဲ့နဲ့လည်း တိုက်ရိုက်ချိတ် ဆက်ပြီး လုပ်ဆောင်နေပါတယ်။ ဒါတွေက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ဆက်ဆံ ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တွေမှာအဓိကထား ဂရုပြုရမယ့် အချက်တွေဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။

လွိုင်ကော်တက္ကသိုလ်ဆရာ၊ ဆရာမတွေကိစ္စ

နောက်တစ်ခုက လွိုင်ကော်တက္ကသိုလ်ဆရာ၊ ဆရာမတွေကိစ္စပါ။ ဒီနေ့မှာ လွိုင်ကော် တက္ကသိုလ်ဆရာ၊ ဆရာမတွေကိစ္စနဲ့ပတ်သက်ပြီး အကြမ်းဖက် KNPP အဖွဲ့အနေနဲ့ ဗီဒီယိုဖိုင် တွေတင်၊ ကြေညာချက် တွေထုတ်ပြီးတော့ သူ့ဆီမှာရှိတဲ့အကြောင်း ပြောကြားနေတာ၊ ဝါဒဖြန့်နေတာ တွေ့ရပါတယ်။ ဖြစ်စဉ်အမှန်ကတော့ လွိုင်ကော် တက္ကသိုလ်ထဲဝင်ပြီးတော့ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်ပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းကြားရတဲ့နေရာမှာ မြန်မာနိုင်ငံတစ်နိုင်ငံ လုံးမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ခဲ့ပါတယ်။ ပြင်းထန်စွာရှုတ်ချကန့်ကွက် ခဲ့တဲ့အတွက်ကြောင့် ဒီဖိအားတွေ၊ ဒီလိုမျိုးတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ ရှုတ်ချခဲ့တဲ့အဖွဲ့တွေကြောင့် သူတို့အနေနဲ့ ဒီအချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာကို ဖုံးကွယ်တဲ့အနေနဲ့ ထိန်းသိမ်းထားတယ်ဆိုတဲ့ပုံစံမျိုး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တွေမှာလည်း ပြောခိုင်းတဲ့စကားတွေ ပြောနေရတယ်ဆိုတာလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ မျက်နှာအနေ အထားတွေကြည့်ရင်လည်း တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာထပ်ပြီး သတိထားစရာ ကောင်းတဲ့တွေ့ရှိချက်က ပြည်ဖျက်မီဒီယာများအနေနဲ့ NUG ၊ PDF အမည်ခံအဖွဲ့တွေရဲ့ ကျောင်း တွေ ဖျက်ဆီးမှု၊ အခုလွိုင်ကော်တက္ကသိုလ်မှာဆိုရင် ဆရာ၊ ဆရာမတွေ ဖမ်းဆီးခေါ်ဆောင်သွားမှု၊ တက္ကသိုလ်အဆောက်အအုံထဲမှာဝင်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့မှု၊ ဆရာမတချို့ကို သတ်ဖြတ်သွားခဲ့မှု၊ ဒါတွေနဲ့ ပတ်သက်ပြီး ထူးဆန်းစွာပဲ နှုတ်ဆိတ်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီနေ့ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေက ပြည်တွင်း မှာရှိနေတဲ့ပြည်ဖျက်၊ ပြည်ပမှာရှိနေတဲ့ ပြည်ဖျက်မီဒီယာတွေ ပူးပေါင်းပြီး လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ သူတို့ပြောနေတဲ့ အလုံးစုံပျက်သုဉ်းရေးဆိုတဲ့အရာမျိုးကို ဦးတည်ပြီးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်သိစွာနဲ့ရှုတ်ချခဲ့တဲ့ အဖွဲ့အစည်း အသီးသီးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ထိန်းသိမ်းခံထားရတဲ့ ဆရာ၊ ဆရာမတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုထိခိုက်နစ်နာမှုရှိခဲ့ရင် ဖမ်းဆီးထိန်းသိမ်းထားတဲ့အဖွဲ့က တာဝန်ယူပြီးတာဝန်ခံရမယ်၊ ကြီးလေးတဲ့ ပြစ်ဒဏ်ခံရ မယ်ဆိုတာကို ပြောလိုပါတယ်။

ထိတွေ့တိုက်ပွဲအခြေအနေများ

ဒီနေ့ ထိတွေ့တိုက်ပွဲအခြေအနေများအနေနဲ့ကတော့ ရှမ်းပြည်နယ် (အရှေ့မြောက်ပိုင်း) နမ့်စလပ်နဲ့မုန်းကျက်မှာ MNDAA ၊ TNLA အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ အင်အားအလုံးအရင်းသုံးပြီး တိုက်ခိုက်နေတာရှိပါတယ်။ အဲဒီအဖွဲ့တွေအနေနဲ့ အကျအဆုံးများစွာ ရှိတယ်လို့ ကျွန်တော်တို့သိရပါတယ်။ အဲဒီမှာ တိုက်ပွဲဝင်နေတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ မှီခိုသူ ရဲမေများအားလုံးကို နိုင်ငံတော် အကြီးအကဲ၊ တပ်မတော်အကြီးအကဲများအားလုံးက အထူးဂုဏ်ပြု လေးစားပါကြောင်း ပြောကြားလိုပါတယ်။ ရဲဘော်၊ ရဲမေတို့ ဆင်နွှဲနေတဲ့ နိုင်ငံတော်ကာကွယ်ရေး၊ နယ်မြေလုံခြုံရေး တရားသောစစ်သည် အောင်မြင်ရမှာဖြစ်ပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေမှာတော့ ပေါက်တောမြို့မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်ခဲ့တာရှိပါတယ်။ ဒီနေ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပေါက်တောမြို့ လုံခြုံရေးအတွက် ကင်းလှည့် လည်ခဲ့ပါတယ်။ ကင်းလှည့်လည်တာကို ပစ်ခတ်ခဲ့တာရှိပါတယ်။ နောက်တစ်ခုကတော့ ကျောက်တော်မှာရှိနေတဲ့ ပြည်သူလူထု အသုံးပြုနေတဲ့ ရေယာဉ်တွေဖြစ်တဲ့ ရေနယား(၁)ရေယာဉ်နဲ့ ရေဘဝဲ(၄) ရေယာဉ်တွေကို AA အနေနဲ့ အကြမ်းဖက်ယူဆောင်သွားကြောင်း သိရပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ အရင်နေ့ကဖြစ်နေတဲ့ အကျဉ်းထောင်ကို လာရောက်ပစ်ခတ်ခဲ့ တာမျိုးတွေ ရှိနေပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေမှာပဲ လောက်ကိုင် အနီးတစ်ဝိုက်မှာ အဝေးကနေ ပစ်ခတ်ခဲ့တာရှိတယ်။ လောက်ကိုင်မြို့ ထဲကို ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာရှိပါတယ်။ လူနေအဆောက်အအုံတွေအထဲကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဘက်မှာတော့ ကလေးလေဆိပ်လေယာဉ်ပြေးလမ်းပေါ်မှာ Drone နဲ့ Drop Bomb ချပြီးတိုက်ခိုက်ခဲ့တာ ရှိပါတယ်။ သောင်းကျန်းသူတွေအနေနဲ့ လမ်းတံတားတွေ၊ ပြည်သူပိုင် အဆောက် အအုံတွေ၊ ပြည်သူပိုင်ရေယာဉ်တွေကို ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး သိရှိထားရမှာက သောင်းကျန်းသူတွေရဲ့ ရည်ရွယ်ချက်က စစ်ဘက်နဲ့သက်ဆိုင် တဲ့နေရာတွေကို တိုက်ခိုက်တာထက် ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ ပြည်သူပိုင်နေရာတွေကို အဓိကထားတိုက်ခိုက်နေတာ ဖြစ်တယ်ဆို တာကို တွေ့ရမှာဖြစ်ပါတယ်။ အခုဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် (အရှေ့မြောက်ပိုင်း) အချို့နယ်မြေတွေက ရှမ်းလူမျိုးတွေ အများဆုံး နေထိုင်တဲ့ နယ်မြေတွေဖြစ်ပါတယ်။ TNLA ၊ MNDAA အကြမ်းဖက် သောင်းကျန်းသူတွေအနေနဲ့ မြို့ရွာတွေကို တိုက်ခိုက်တယ်။ မြို့ရွာ အနီးအနားမှာရှိတဲ့ စခန်းတွေကို တိုက်ခိုက်တယ်။ ပြီးရင်အစောပိုင်းက ကျွန်တော်ပြောခဲ့တဲ့ ရှမ်းလူမျိုးတွေပိုင်ဆိုင်တဲ့အိမ်တွေ၊ နေရာတွေမှာ ဝင်ရောက်နေရာယူတယ်။ အဲဒီအထဲကနေ တပ်စခန်းတွေကို တိုက်ခိုက် တာမျိုးတွေ တွေ့ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရှမ်းလူမျိုးတွေအနေနဲ့လည်း ရှမ်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းတွေ နှုတ်ဆိတ်နေတာကို စတင်ပြီးကန့်ကွက်တာတွေ၊ သဘောထားထုတ် ဖော်ပြောကြားလာတာတွေကို တွေ့ရပါတယ်။ ဒါတွေက တစ်နိုင်ငံလုံး မှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးနဲ့ သက်ဆိုင်တာ ဖြစ်ပါတယ်။ သောင်းကျန်းသူအဖွဲ့အစည်း၊ NUG ၊ PDF အဖွဲ့အစည်းဆို တာက အစောပိုင်းကပြောခဲ့တဲ့ သူတို့အာဏာရရှိရေးနဲ့ မြန်မာပြည်ကို အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေ တဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းပြီး ဆန့်ကျင်ချေမှုန်းရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

သတင်းစဉ်