Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်နှင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်(သန်လျင်)ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ်ကြီးက ကောလိပ်၏လုပ်ငန်းတာဝန်များနှင့် ဆက်လက်အကောင်အထည်ဖော်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အရည်အချင်းပြည့်ဝသော ရေကြောင်းအရာရှိလောင်းများ မွေးထုတ်ရေးနှင့် နိုင်ငံတကာအသိအမှတ်ပြု ရေကြောင်းကောလိပ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးစား ဆောင်ရွက်သွားရန်မှာကြားပြီး ကောလိပ်ရှိ Simulator များ၊ စာသင်ခန်းများ၊ Lab ခန်းများ၊ စာကြည့်တိုက်၊ အိပ်ဆောင်များ၊ အလုပ်ရုံများနှင့် စားရိပ်သာ တို့ကို လှည့်လည်စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် (သန်လျင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပါမောက္ခချုပ်၏ ရှင်းလင်းတင်ပြချက်များအပေါ် အဆောက်အဦများ တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားရေးနှင့်လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားရေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်စာကြည့်တိုက်၊ ကျောင်းသားကျောင်းသူများ အိပ်ဆောင်တည်ဆောက်နေမှုနှင့် ပလက်ဖောင်းတည်ဆောက်ပြီးစီးမှု အခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် ဆန်နှင့်အသုံးအဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 သတင်းစဉ်