Skip to main content

(၉) ကြိမ်မြောက် အာဆီယံ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ Video Conferencing ဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၂၁

(၉) ကြိမ်မြောက် အာဆီယံရုပ်သံ ကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး (9th SOMRI Working Group on Content and Production Meeting-9th SOMRI WG-CP) အား နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက လာအိုနိုင်ငံမှ WG– CP ဥက္ကဋ္ဌက Video Conferencing စနစ်ဖြင့်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ မြန်မာ WG – CP ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင် ဦးဆောင်သည့်မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် - တပ်ကုန်းနှင့် ရန်ကုန်ရှိသက်ဆိုင်ရာရုံးများမှ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ လာအိုနိုင်ငံမှ WG – CP ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ရုပ်သံကဏ္ဍ အစီအစဉ်၊ ထုတ်လုပ်ခြင်းနှင့်စပ်လျဉ်းသည့် အာဆီယံ အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ၊ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ၊ သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) ဆိုင်ရာများ၊ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်း ဆိုင်ရာများ အာဆီယံဆွေးနွေး ဖက်နိုင်ငံများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ အစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ စီမံကိန်းအသစ်များ ဆွေးနွေးညှိနှိုင်းခြင်း အပါအဝင် (၁၀) ကြိမ်မြောက် အာဆီယံရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်း အဖွဲ့အစည်းအဝေး (10th SOMRI Working Group on Content and Production Meeting- 10th SOMRI WG-CP) ကျင်းပမည့် နေ့ရက်တို့အား ဆွေးနွေးကြသည်။

အစည်းအဝေးမှ အာဆီယံ ပြန်ကြားရေးအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (Senior Officials’ Meeting Responsible for Information-SOMRI) တွင် ဆုံးဖြတ်ခဲ့သည့် စီမံကိန်းများနှင့် ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ကောင်းစွာ အထောက်အပံ့ပြုနိုင်ရေး၊ သတင်းမီဒီယာကဏ္ဍဆိုင်ရာ ရုပ်သံထုတ်လွှင့်မှု အစီအစဉ်များနှင့် လုပ်ငန်းစဉ်များ၊ စီမံကိန်းများ သုံးသပ်တင်ပြနိုင်ရေး၊ သတင်းမီဒီယာကဏ္ဍ၏ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းမျဉ်းချမှတ်ခြင်း၊ နည်းပညာ စံသတ်မှတ်ခြင်းနှင့် မူဘောင်သတ်မှတ်ခြင်းများကို အသေးစိတ်လေ့လာသုံးသပ်ပြီး အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့တင်ပြနိုင်ရေးနှင့် SOMRI မှ သဘောတူထားသည့် ပြန်ကြားရေးဆိုင်ရာ စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်နိုင်ရန် အဓိကရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

SOMRI Working Group on Content and Production အစည်းအဝေးများအား အဆိုပြုသည့် နိုင်ငံမှဆန္ဒအလျောက် ဦးဆောင်ကျင်းပသည့်စနစ်ဖြင့် အနည်းဆုံးတစ်နှစ် လျှင်တစ်ကြိမ် ကျင်းပလျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်