နေပြည်တော် နိုဝင်ဘာ ၂၀
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိ၍ သံရည်ကျိုမီးဖို (Electric Arc Furnace)နှင့် သံရည် အချောသပ်မီးဖို (Ladle Refining Furnace) တို့တွင် သံရည်ကျိုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ် သံရည်များသွန်းလောင်းနေမှု၊ သံမဏိလေးထောင့်တုံးများ ထွက်ရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သံရည်ကျိုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများ ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ထားရှိရန်နှင့် စက်ပစ္စည်းကိရိယာများ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစီအမံများ ရေးဆွဲထားသည့်အတိုင်း စနစ်တကျလိုက်နာဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးကောင်းမွန်စေရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရင်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားအောင် လေ့ကျင့်သင်ကြားပေးရန်၊ စက်မှုကဏ္ဍ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သောသံမဏိများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ Phase-2, 2A တို့၏ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများကို ကြိုတင်ရေးဆွဲထားရန်နှင့် လိုအပ်သည့် စက်ပစ္စည်းအစိတ်အပိုင်းစာရင်းကိုလည်း ကြိုတင်ပြုစုထားရှိရန်၊ စက်ရုံမှထုတ်လုပ်သော သံမဏိလေးထောင့်တုံးများ၏ အရည်အသွေးများ တစ်သမတ်တည်းဖြစ်စေရေးအတွက် အရည်အသွေးစစ်ဆေးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်နှင့် အရည်အသွေးစီမံခန့်ခွဲမှုစနစ် ထူထောင်ထားရှိရန်၊ စက်ရုံရှိစက်ပစ္စည်းများ၊ ဝန်ထမ်း၊ စာရွက်စာတမ်း၊ သတင်းအချက်အလက်တို့၏ လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်