နေပြည်တော် နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ် သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေးနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ကို အမျိုးသား ကော်မတီ အတွင်းရေးမှူးအဖွဲ့လုပ်ငန်းကော်မတီ (၈) ရပ် ဖွဲ့စည်းကာ ၂၀၁၉ ခုနှစ်ကစပြီး စက်မှုကုန်ထုတ်ကဏ္ဍနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍတို့ကို ဦးစားပေးသတ်မှတ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့အား ကနဦးစီမံချက်နယ်မြေများအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်သည် ပထမငါးနှစ်စီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်) ၏ နောက်ဆုံးနှစ်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။
လုပ်ငန်းကော်မတီ ရှစ်ခုအနေဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စီမံချက်ကာလ ငါးနှစ်အတွက် ကနဦးအညွှန်းကိန်းရလဒ်များ ရရှိအောင် ဖော်ဆောင်ခြင်းဖြင့် ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) အား ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ အထောက်အကူပြုနိုင်မည်ဖြစ်သောကြောင့် ပထမငါးနှစ်စီမံချက်လုပ်ငန်းဆောင်ရွက်ချက်သည် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်တစ်ခုလုံး အောင်မြင်စေရန် အလွန်အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း။
အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ အားသာချက်၊ အားနည်းချက်၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပေးစေလိုကြောင်း၊ ယခုဆွေးနွေးပွဲ၏ရလဒ်များကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တင်ပြအတည်ပြုချက် ရယူနိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးအကြံပြုပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင်က တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်