Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း GAP နည်းပညာပေးစိုက်ကွင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာနက နေပြည်တော် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း GAP နည်းပညာပေးစိုက်ကွင်း(GAP Model Farm)ကို ကွင်းဆင်းစစ်ဆေးသည်။

GAP နည်းပညာပေးစိုက်ကွင်း(GAP Model Farm) တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအမျိုး ၄၀ ကျော် စိုက်ပျိုးပြသထားမှုများကို ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တစ်ပိုင်တစ်နိုင်စိုက်ပျိုး ထုတ်လုပ်ခြင်းမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုအထိ GAP စံနှုန်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းများ တိုးပွားလာရေး ပညာပေးဆွေးနွေးခြင်းအပြင်၊ GAP ထုတ်ကုန်များ၏ အာဟာရတန်ဖိုးနှင့် အစားအစာဘေးကင်းလုံခြုံမှုအာမခံချက်အပေါ် စားသုံးသူများ နားလည်ယုံကြည်ပြီး အသုံးပြုမှု တိုးပွားလာရေးကိုလည်း ကြိုးပမ်းသွားရန်လိုကြောင်း၊ GAP နည်းပညာပေး စိုက်ပျိုးပြသခြင်းနှင့်အတူ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ဒေသမျိုးရင်းများကို ရှာဖွေစုဆောင်းထိန်းသိမ်းခြင်းလုပ်ငန်းနှင့် သဘာဝမြေဩဇာအသုံးပြုနည်းမျိုးစုံကို လက်တွေ့ပြသသည့်လုပ်ငန်းများကိုလည်း တစ်ပါတည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ကြွယ်ဝလှသော သီးနှံဗီဇအရင်းအမြစ်များ မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်ပေါ်စေရန်နှင့် စနစ်တကျ အသုံးပြုနိုင်ရန် ထိန်းသိမ်းကာကွယ်ရန်လိုကြောင်း၊ တစ်ချိန်တည်းတွင် အဆင့်မြင့်စိုက်ပျိုးရေးထုတ်ကုန်အမည်သစ်များကို နည်းစနစ်အသစ်များဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားကြရန် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ပြည်တွင်းစားသုံးမှုအတွက် အစားအစာဘေးကင်းလုံခြုံသော စားရေရိက္ခာများ တိုးတက် ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပပို့ကုန်များ စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ မြန်မာ-ဂျီအေပီ (Myanmar-GAP) အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး စစ်ဆေးကြပ်မတ်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိပြီး နည်းပညာပြန့်ပွားရေးနှင့် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်