Skip to main content

ကရင်ပြည်နယ်၀န်ကြီးချုပ် ဘားအံမြို့နယ် ကော့ဂွန်း(ဖဲကတာ)ကျေးရွာရှိ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များနှင့် ရေဝင်ရောက်အိမ်ထောင်စုများအား သွားရောက်ထောက်ပံ့

ဘားအံ  -   သြဂုတ် ၂၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ဂွန်း(ဖဲကတာ)ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃၂)နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ် (၈၃) ဦးအား တတိယအကြိမ်နှင့်စတုတ္ထအကြိမ်ထောက်ပံ့ငွေများ၊ ရေဝင်ရောက်အိမ်ထောင်စု (၄၂၀) စုအတွက် ဆန်နှင့်စားရိက္ခာများကို ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်၀န်ကြီးများသည် သြဂုတ်လ (၂၆)ရက်နေ့၊ မွန်လွဲပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်၀န်ကြီးများနှင့်တာ၀န်ရှိသူများသည် (ဖဲကတာ) ကျေးရွာသမ္မစိတ္တကျောင်းဓမ္မာရုံတွင် ကိုယ်ဝန်ဆောင်မိခင် (၃၂)နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ် (၈၃) ဦး၊ စုစုပေါင်း (၁၁၅) အား လူမှု၀န်ထမ်းဦးစီးဌာနမှထောက်ပံ့သည့် တတိယအကြိမ်နှင့် စတုတ္ထအကြိမ်အတွက် တစ်ဦးလျှင် (၄၅၀၀၀) ကျပ်နှုန်းဖြင့် (၅၁၇၅၀၀၀) ကျပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်၀န်ကြီးများသည် မြစ်ရေမြင့်တက်မှုကြောင့်ရေဝင်ရောက်ခြင်းခံရသည့် ကော့ဂွန်း (ဖဲကတာ) ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၄၂၀) စုအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် တစ်အိမ်ထောင်လျှင် ဆန် (၃) ပြည်၊ ဆီ (၅၀) သား၊ ခေါက်ဆွဲခြောက်၊ ကြက်သားဆီသွပ်ဗူး၊ သစ်တိုသီး/မကျီးသီးကြော်၊ဆေးဝါးနှင့်ဓါတ်ဆားများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)