Skip to main content

အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလသတင်းများ၊ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် အခြေအနေများ၊ နယ်စပ်ဒေသများမှ တရားမဝင်ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးမှု အခြေအနေများ၊ ၂၀-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကောလာဟလများ ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ တချို့သောမြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကျောင်းပိတ်ရမယ့် အခြေအနေရှိတယ်၊ ကျောင်းပိတ်မယ်ဆိုတာမျိုးတွေကို ကောလာဟလ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မည်သည့်ကျောင်းမှ ပိတ်တာမရှိပါဘူး။ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမယ်ဆိုတာကို ပြောကြားလိုပါတယ်။ ဒါတွေကို ကျွန်တော်မနေ့က ပြောခဲ့သလိုမျိုး နိုင်ငံတော်ရဲ့ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍတွေကို ထိခိုက်ပျက်စီးစေလိုတဲ့ ပြည်တွင်းပြည်ပအဖျက်သမားတွေက ကောလာဟလထုတ်လွှင့်နေတာပဲ ဖြစ်ပါတယ်။ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဆက်လက်ပညာသင်ကြားကြဖို့ ပြောကြားလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ တက္ကသိုလ်၊ ကောလိပ်တွေကိုလည်း ဒီလ ၂၃ ရက်နေ့မှာ ပြန်ဖွင့်မှာဖြစ်ပါတယ်။ ၁၆ ရက်နေ့ကနေစပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ လက်ခံတဲ့နေရာမှာ အရင်နှစ်ကထက် ပိုမိုလက်ခံရရှိကြောင်း တွေ့ရပါတယ်။ ဒီကြားထဲမှာတော့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အဝေးသင်စာမေးပွဲတွေ ဖြေဆိုရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လုံခြုံရေးအခြေအနေအရ လွိုင်ကော်နဲ့ကသာမှာပဲ ဖြေဆိုလို့မရခဲ့တာရှိပါတယ်။ အဲဒီဒေသတွေမှာ စာမေးပွဲတွေကို ဆိုင်းငံ့ထားပြီးတော့ ပြန်လည်ဖြေဆိုသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ထပ်မံလွှဲပြောင်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ တရုတ်နိုင်ငံသား ကျား (၉၈၂) ဦး၊ မ (၆၀) ဦး၊ စုစုပေါင်း (၁၀၄၂) ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အောက်တိုဘာလ (၃၁) ရက်နေ့ကနေ နိုဝင်ဘာလ (၂၀) ရက်နေ့အထိ အမျိုးသား (၁၉၁၇) ဦး၊ အမျိုးသမီး (၁၄၂) ဦး စုစုပေါင်း (၂၀၅၉) ဦးကို လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

ထိတွေ့တိုက်ပွဲအခြေအနေများအနေနဲ့ကတော့ ရှမ်းပြည်နယ် (အရှေ့မြောက်) ဒေသမှာတော့ နမ့်ခမ်းမြို့ထဲကို ကျွန်တော်တို့ လုံခြုံရေး ပြန်လည်ရရှိရေးဆောင်ရွက်နေတဲ့နေရာမှာ ထိတွေ့တိုက်ပွဲတချို့ ရှိခဲ့ပါတယ်။ တာမိုးညဲနဲ့ နမ့်စလပ်မှာတော့ Drop Bomb တွေနဲ့လာပြီး တိုက်ခိုက်ခဲ့တာရှိပါတယ်။ သိန္နီဘက်မှာတော့ မြို့ထဲမှာ လုံခြုံရေးပြန်လည်ရရှိရေးအတွက် စိုးမိုးမှုပြန်လည်ရရှိရေး ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ လွိုင်ကော်ရဲ့ အရှေ့တောင်ဘက်မှာ ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့တာရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ မနေ့ကလိုပဲ ထရွန်အိုင်နဲ့ နုန်းဘူးစခန်းတွေကို လာရောက်ပစ်ခတ်တာ ရှိပါတယ်။ အဲဒီမှာ တပ်မတော်သားတွေအနေနဲ့ ရွပ်ရွပ်ချွံချွံပြန်လည်ခုခံပြီး ပြန်လည်ချေမှုန်းခဲ့တဲ့အတွက် ရန်သူ့ဘက်မှာအကျအဆုံးများစွာ ရှိခဲ့ပါတယ်။ ဒဏ်ရာရမှုများစွာရှိခဲ့တယ်လို့ ကျွန်တော်တို့ သိခဲ့ရပါတယ်။ ဒီနေ့မှာ ပြောချင်တာကတော့ နိုင်ငံတော်ရဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ကောလာဟလသတင်းတွေကို အချိန်ကိုက်ထုတ်လွှင့်နေတာရှိပါတယ်။ ပြည်တွင်းပြည်ပအဖျက်သမားများက ပြည်ဖျက်မီဒီယာများနဲ့ပူးပေါင်းပြီး ထုတ်လွှင့်နေတာဖြစ်ပါတယ်။  ထင်ယောင်ထင်မှားဖြစ်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ စီးပွားရေးအရ စက်သုံးဆီကဏ္ဍကို တိုက်ခိုက်ခဲ့တာရှိပါတယ်။ ဘဏ်လုပ်ငန်းတွေကို တိုက်ခိုက်ခဲ့တာရှိတယ်။ အခုပညာရေးကဏ္ဍကို တိုက်ခိုက်တဲ့နေရာမှာတော့ ကောလာဟလဆိုတာထက် ကျောင်းတွေမှာ တီးတိုးဝါဒဖြန့်တဲ့ပုံစံမျိုး ဖြစ်ပြီးပြီးမှ ကောလာဟလဖြန့်တဲ့ပုံစံမျိုးနဲ့ ကျောင်းတွေပိတ်မယ်ဆိုတာမျိုးတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောကြားလိုတာကတော့ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့၊ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့၊ မိဘတွေအနေနဲ့ မိမိတို့နိုင်ငံရဲ့ အနာဂတ်၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့အနာဂတ်ကို လာရောက်ထိခိုက်စော်ကားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအဖျက်သမားတွေကို ကျွန်တော်တို့ နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနဲ့ အားလုံးပူးပေါင်းပြီးတော့ ချေမှုန်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

သတင်းစဉ်