လားရှိုး သြဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်၊ ပညာရိပ်သာအဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန် က အဆိုပါနေရာ၌ ကျင်းပသည်။
မြန်မာနိုင်ငံပညာရေးကဏ္ဍ တိုးတက်ရေးတွင်အဓိကသည် ဆရာ/မများနှင့် ပညာရေးဝန်ထမ်းများ၏ နေထိုင်မှုအဆင့်အတန်း မြှင့်မားပြီး အဆင်ပြေချော့မွေစေရေးအတွက် လားရှိုးတက္ကသိုလ်၌ ပညာရိပ်သာအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အိမ်ရာစီမံကိန်းတွင် အဆင့်မြှင့်အိမ်ရာအိပ်ခန်း (၂)ခန်းပါ (၈၀၀စတုရန်းပေ)ကျယ်ဝန်းပြီး လူနေအိမ်ခန်းပေါင်း (၃၂)ခန်းကို ဆောက်လုပ်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ လားရှိုးတက္ကသိုလ်၊ လားရှိုးနည်းပညာတက္ကသိုလ်၊ လားရှိုးကွန်ပျူတာတက္ကသိုလ်နှင့် လားရှိုးပညာရေးကောလိပ်တို့တွင် အိမ်ခန်းပေါင်း(၃၂)ခန်းစီကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကြီးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပညာရေးဝန်ကြီးဌာနက လုပ်ငန်းအပ်နှံသူ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းကြီးကြပ်စီမံခန့်ခွဲသူ၊ Myanmar Imperial Vega Company Limited က လုပ်ငန်းလက်ခံသူအနေဖြင့် ဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ နေရာယူကြပြီး ပန္နက်တိုင်များ (၉)ချက်စီ ရိုက်ပေးပြီး အမွှေးနံသာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးတက္ကသိုလ် အစည်းအဝေးခန်းမတွင် ပညာရိပ်သာတည်ဆောက်ရေးနှင့် ပတ်သက်၍ MIv ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမောင်ဝိတ်မှ ရှင်းလင်းတင်ပြမှုကို ကြည့်ရှု၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က လားရှိုးတက္ကသိုလ်ပညာရိပ်သာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ လားရှိုးတက္ကသိုလ်ဝင်းအတွင်း တည်ဆောက်နေသော (၃)ထပ် အဆောက်အဦအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)