ဘားအံ သြဂုတ် ၂၇
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း (၆) ခုဖွင့်လှစ်ထားရာ ယမန်နေ့ နံနက် (၇) နာရီအချိန်က ရွှေယဉ်မျှော်စခန်းရှိ ရေဘေးသင့်မိသားစုဝင်များအား ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်၀န်ကြီးများက နံနက်စာအဖြစ် အဟာရပြည့်ဆန်ပြုတ်များသွားရောက်ကျွေးမွေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့ရေကြီးမှုအခြေအနေအရ ရေးဘေးသင့်သူ မိသားစုများ နေရာချထားရာတွင် သြဂုတ်လ ၂၄ ရက်နေ့မှစတင်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပေးခဲ့ရာ ရွှေယဉ်မျော်စခန်း၊ မိုးလုံလေလုံ အားကစားရုံစခန်း၊ Cyclone Shelter စခန်း၊ လေသာဘုန်းတော်ကြီးကျောင်းစခန်း၊ မူလတန်းလွန် ၃ ကျောင်း စခန်း၊ အမက (၈) ကျောင်း စခန်း (၆) ခုတွင် စုစုပေါင်းအိမ်ထောင်စု ၃၂၁ စု၊လူဦးရေ ၁၅၂၅ ဦးကျော်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူမိသားစု၀င်များအား စားသောက်နေထိုင်ရေး၊ ကျန်မာရေးအစရှိသ၍ ကရင်ပြည် နယ်အစိုးရအဖွဲ့မှဦးဆောင်၍ ဆောင်ရွက်ပေးနေလျက်ရှိပြီး ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်၀န်ကြီးများသည် ရွှေယဉ်မျှော်စခန်းရှိရေဘေးသင့်မိသားစု၀င်များအား အဟာရပြည့်ဆန်ပြုတ်များ သွားရောက်ကျွေးမွေးပေးပြီး အလားတူ မိုးလုံလေလုံအားကစားရုံရေဘေးစခန်းရှိ ရေဘေးသင့်မိသားစု၀င်များအား ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် အဟာရပြည့်ဆန်ပြုတ်များ သွားရောက်ကျွေးမွေးခဲ့ကြောင်းနှင့် အခြား ရေဘေးစခန်းများတွင်လည်း တာ၀န်ရှိသူများက ဝေငှကျွေးမွေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်ဆက်)