Skip to main content

ပျဉ်းမနားမြို့နယ်မှ တစ်နိုင်တစ်ပိုင် စီးပွားဖြစ်ဆောင်ရွက်နေသည့် ကြက်သွန်ကြော်လုပ်ငန်း

နိုင်ငံတော်အစိုးရအနေဖြင့် One Region One Product အစီအစဉ်ဖြင့် ဒေသအလိုက် အဓိကကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပျဉ်းမနားမြို့နယ်တွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) လုပ်ငန်းအရေအတွက်မှာ ၁၇၈ ခုရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာရှိ ငွေဟင်္သာနှင့် အင်ကြင်းစံကြက်သွန်ကြော် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

ငွေဟင်္သာနှင့် အင်ကြင်းစံ ကြက်သွန်ကြော်လုပ်ငန်းကို ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၉ ရက်က စတင်ခဲ့ပြီး သက်တမ်း ၁၅ နှစ်ခန့်ရှိပြီဖြစ်ကာ ကျေးရွာဒေသခံ အိမ်ထောင်စုများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်များ အိုးမကွာ၊ အိမ်မကွာ စီးပွားရေးလုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး ကြက်သွန်ကြော်လုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ကြက်သွန်ကြော်ရန်အတွက် ကုန်ကြမ်းကို မိတ္ထီလာ၊ မြင်းခြံနှင့် အခြားမြို့များမှ ထွက်ရှိသည့် ကြက်သွန်များကို ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။ ပစ္စည်းပို့ရာတွင် ကြေတတ်သည့်အတွက် ကတ်ထူစက္ကူပုံးဖြင့် စနစ်တကျထုပ်ပိုးကာ ပေးပို့လျက်ရှိပြီး ကတ်ထူပုံးတစ်ပုံးလျှင် ကြက်သွန်ကြော် ၁၀ ပိဿာပါရှိသည်။ အမှာစာအရ ပုံး ၂၀ အောက်ကို မော်တော်ယာဉ်လိုင်းဖြင့် တင်ပို့ပြီး ပုံး ၅၀၊ ၆၀ ဆိုပါက အိမ်အရောက်ပေးပို့ဖြန့်ချိလျက်ရှိသည်။

အိမ်ရှင်မတွေက အလုပ်သွား၊ ရုံးသွား၊ ကျောင်းသွားဖို့ အချိန်မီအောင် ချက်ပြုတ်ကြရတာကြောင့် ဟင်းအနှစ်ချက်ရင်ဖြစ်ဖြစ်၊ အသုပ်သုပ်ရင် ဖြစ်ဖြစ်၊ ကြက်သွန်အစိမ်းကို အသုံးပြုတာထက် ကြက်သွန်ကြော်ကို အသုံးပြုရင် အချိန်ကုန်သက်သာစေပြီး အနံ့အရသာလည်းကောင်းတဲ့အတွက် ကြက်သွန်ကြော်ကို သုံးကြတယ်။ မြန်မာဟင်းလျာ တော်တော်များများမှာ ကြက်သွန်မပါတာ မရှိ သလောက်ပါ။ ဒံပေါက်သမားတွေအတွက်တော့ မရှိမဖြစ်ပေါ့ဗျာဟု ကြက်သွန်ကြော်အသုံးဝင်ပုံကို လုပ်ငန်းရှင်က ရှင်းပြသည်။

ငွေဟင်္သာနှင့် အင်ကြင်းစံ ကြက်သွန်ကြော်လုပ်ငန်းမှ ကြက်သွန်ကြော်ကို နေပြည်တော်နှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိရာ နေပြည်တော်အတွင်း ပွဲကြီးအလှူများနှင့် ဒံပေါက် ဆိုင်များမှ အိမ်တိုင်ရာရောက် လာရောက်ဝယ်ယူကြပြီး မိတ္ထီလာ၊ ပြင်ဦးလွင်၊ မန္တလေး၊ လှည်းကူး၊ ပဲခူး၊ ရန်ကုန်နှင့် မော်လမြိုင်ဘက်ကို အများဆုံးတင်ပို့ရကြောင်း သိရသည်။

လက်ရှိမှာတော့ လုပ်သား ၃၀ ကျော်၊ ၄၀ နီးပါး ရှိပါတယ်။ လုပ်သားအနည်းအများကတော့ အချိန် ကာလနဲ့လည်းဆိုင်ပါတယ်။ အခုလို သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလတွေမှာဆိုရင် လုပ်သား လိုပါတယ်။ လုပ်ခလစာ သတ်မှတ်ချက်ကိုတော့ တစ်လတစ်ခါဆိုပြီး တစ်သမတ်တည်းပေးတာ မဟုတ်ပါဘူး။ နေ့စားပုတ်ပြတ်ပေးတာဖြစ်ပါတယ်။ ကြက်သွန်တစ်အိတ်ကို ပိဿာချိန် ၄၀ ရှိတော့ တစ်အိတ် အခွံသင်တာရော ခြစ်တာပါပြီးရင် ငွေ ကျပ် ၈၀၀၀ ရပါတယ်။ တစ်ပိဿာ ၂၀၀ နှုန်းပေါ့။ လုပ်နိုင်တဲ့အပေါ်မှာမူတည်ပြီး လုပ်ခရတာဖြစ်ပါတယ်။ အနည်းဆုံးလုပ်နိုင်တဲ့သူက တစ်ရက်ကို ငွေ ကျပ် ၁၀၀၀၀ လောက်တော့ရကြပါတယ်။ ဒီထက် ပိုလုပ်နိုင်ရင် ပိုရပါတယ် ဟု လုပ်ငန်းရှင်က ပြောသည်။

ကြက်သွန်ကြော်ရန်အတွက် စပါးခွံလောင်စာကို အဓိက အသုံးပြုလျက်ရှိပြီး ပြန်လည်ထွက်ရှိလာ သည့် ဖွဲပြာများကို ဖောကားကြီးတစ်စီးလျှင် ငွေကျပ် ၅၀၀၀၀၊ နှစ်တင်းခွဲအိတ် တစ်အိတ်လျှင် ကျပ် ၅၀၀ နှုန်းဖြင့် ပြန်လည်ရောင်းချရပြီး ဖွဲပြာကို စိုက်ပျိုးရေးလုပ်ကိုင်သူများက အဓိက ဝယ်ယူ အသုံးပြုကြကြောင်း သိရသည်။

လက်ရှိတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေထုတ်ချေး ပေးသည့်အပြင် စားသုံးသူရေးရာဦးစီးဌာနမှ ရောင်းချပေးသည့် ဆီကိုလည်း အပြင်ဈေးထက် သက်သာစွာ ဝယ်ယူနိုင်သည့်အတွက် ကြက်သွန်ကြော်ကို ဈေးတက်မရောင်းဘဲ အရင်ဈေးအတိုင်း ရောင်းချပေးလျက်ရှိသည်။

သို့ဖြစ်ရာ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် ကြက်သွန်ကြော်လုပ်ငန်းကို ‌ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product)အဖြစ် ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် MSME ထုတ်ကုန်လုပ်မှုလုပ်ငန်းအား တင်ပြအပ်ပါသည်။     ။

နန်းမေစုအောင်၊ ဓာတ်ပုံ - ဇော်မင်းလွင်(ပြန်/ဆက်)