Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများကို ကြည့်ရှုစစ်ဆေး

မကွေး နိုဝင်ဘာ ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် နိုဝင်ဘာ ၁၇ ရက်နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရုံးသို့ရောက်ရှိပြီး ရုံးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ မြို့သစ်မြို့နယ်ရုံး ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ နတ်မောက်မြို့နယ်ရုံး ဦးစီးအရာရှိနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။

ထို့နောက် တောင်တွင်းကြီးမြို့နယ်ရုံးသို့ ရောက်ရှိကာ ရုံးလုပ်ငန်းများကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ တောင်တွင်ကြီးမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီးနောက် ထပ်ဆင့်လွှင့်စက်ရုံအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ပြီး သရက်ခရိုင် မင်းလှမြို့နယ်ရုံးသို့ရောက်ရှိပြီး ရုံးလုပ်ငန်းများကြည့်ရှုစစ်ဆေးကာ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများအားတွေ့ဆုံသည်။ ယင်းနောက် မင်းဘူးခရိုင်ရုံးသို့ရောက်ရှိပြီး စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့မှ ဦးစီးမှူး၊ မင်းဘူးမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးနောက် ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ယနေ့နံနက်ပိုင်းက မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မကွေးသတင်းဌာနခွဲ ဝန်ထမ်းများ၊ ကိုယ်ပွားသတင်းစာတိုက်မှဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ မွန်းလွဲပိုင်းတွင် ပွင့်ဖြူမြို့နယ်ရုံး၊ စလင်းမြို့နယ်ရုံးနှင့် ဆိပ်ဖြူမြို့နယ်ရုံးသို့ရောက်ရှိကာ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား လိုအပ်သည်များမှာကြားသည်။

ညနေပိုင်းတွင် ချောက်မြို့နယ်ရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် မိမိတို့ဌာန၏ အဓိကလုပ်ငန်းဖြစ်သည့် ပြည်သူများအား သတင်းအချက်အလက်များ ပြန်ကြားပေးရန်နှင့် ပညာပေးခြင်းလုပ်ငန်းများကို ထိရောက်အောင်မြင် အောင်ဆောင်ရွက်ကြရန်၊ မိမိတို့ရုံးများရှိ ပြည်သူ့စာကြည့်တိုက်များသို့ ပြည်သူလူထုများ လာရောက်၍ စာဖတ်ခြင်း၊ စာအုပ်ငှားခြင်းများကိုတိုးတက်အောင်ဆောင်ရွက်ကြရန်၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အသိပညာဗဟုသုတများပြန့်ပွားစေရေးကို အလေးထားဆောင်ရွက်ရန်၊ နိုင်ငံတော်အဆင့် အထိမ်းအမှတ်နေ့ ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲနှင့်ဆွေးနွေးပွဲများ ကျင်းပရာတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီးဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) တိုးတက်အောင်မြင်ရေး၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား လူငယ်များအား အကျိုးရှိစေမည့် သင်တန်းများဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းကြိုတင်ပြင်ဆင်ထားကြရန်၊ ဒေသတွင်းမှ ထုတ်လုပ်မှုလုပ်ငန်းများကို သတင်းထုတ်ပြန်ပေးရေးဆောင်ရွက်ကြရန်၊ နိုင်ငံ့ဝန်ထမ်းများပီပီ မိမိတို့လိုက်နာစောင့်ထိန်းရမည့် အဓိဋ္ဌာန်၊ ကျင့်ဝတ်၊ ဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စည်းကမ်းပြည့်ဝပြီး တာဝန်ကျေပွန်သော ဝန်ထမ်းကောင်းများဖြစ်အောင် အစဉ်အမြဲကြိုးစားဆောင်ရွက်ရန်၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရှေးလုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများနှင့်ပေါင်းစပ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုမှာကြားပြီး တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်ရုံးများ၏ တင်ပြချက်များကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)