Skip to main content

ဘဏ်လုပ်ငန်းစနစ်အပေါ်တိုက်ခိုက်နေသည့် ကောလာဟလသတင်းများ၊ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် TNLA နှင့် PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များက ဖျက်ဆီးခဲ့သော တံတားများအား ပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ် လွိုင်ကော်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်၊ ချောင်းနှစ်ခွတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုအခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့ ကျွန်တော့်အနေနဲ့ ဘဏ်တွေကိစ္စကို ပထမဦးဆုံးပြောကြားလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ အခြေအနေအပေါ်မှာ အခွင့်ကောင်းယူပြီး ပြည်တွင်းပြည်ပ အဖျက်သမားတွေက နိုင်ငံတော်ရဲ့စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေကိုပါ မတည်မငြိမ်ဖြစ်အောင် ပြည်ဖျက်မီဒီယာတွေနဲ့ ပူးပေါင်းပြီး ကြံစည်ဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။ စီးပွားရေးကဏ္ဍမှာဆိုရင် ပထမဦးဆုံး ဒီလထဲမှာပဲ စက်သုံးဆီကဏ္ဍကို မဟုတ်မမှန်သတင်းတွေဖြန့်ပြီး စတင်ပြီးမတည်ငြိမ်အောင်ဆောင်ရွက်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့နိုင်ငံတော်မှာ ဆီလက်ကျန်ဘယ်လောက်ရှိတယ်၊ နောက်ထပ်ရောက်ရှိလာမယ့် ဆီသင်္ဘောတွေက ဘယ်လိုရှိတယ်၊ ဆီဖြန့်ဖြူးမှုဘယ်လိုရှိတယ်ဆိုတာကို စာရင်းအတိအကျနဲ့ခိုင်မာစွာ ဖြေရှင်းမှငြိမ်သွားတဲ့သဘောရှိတယ်။ အခုထပ်ပြီး ဘဏ်လုပ်ငန်းစနစ်တွေအပေါ်မှာ မမှန်မကန်သတင်းတွေဖြန့်ဝေပြီး တိုက်ခိုက်လာတာကိုတွေ့ရတယ်။ အဓိကတိုက်ခိုက်တာကတော့ လေးမျိုးဖြစ်ပါတယ်။ နံပါတ်(၁)က ဘဏ်တွေမှာ ငွေထုတ်ယူဖို့ အခက်အခဲဖြစ်ပေါ်နေတယ်ဆိုတဲ့အချက်၊ နံပါတ်(၂)က အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးနေတယ်ဆိုတဲ့အချက်၊ နံပါတ်(၃)ကတော့ ဘဏ်တွေမှာငွေမရှိတော့ဘူးဆိုတဲ့ ကောလာဟလ၊ နံပါတ်(၄)က ဘဏ်အပ်ငွေတွေကို ပြည်သူလူထုတွေအများအပြား ထုတ်ယူနေကြတယ်ဆိုတဲ့ ကောလာဟလဖြစ်ပါတယ်။ ဒီအချက် (၄)ချက်ကိုထုတ်ပြီး တိုက်ခိုက်ပါတယ်။ ဒီလိုမမှန်သတင်းဖြန့်ဝေပြီး ဘဏ်လုပ်ငန်းစနစ်အပေါ် တိုက်ခိုက်မှုတွေကို ၂၀၂၁ ခုနှစ်မှာလည်း ကျယ်ပြန့်စွာပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီမှာ နိုင်ငံတော်အစိုးရနဲ့ဗဟိုဘဏ်က သက်ဆိုင်ရာဘဏ်အသီးသီး၊ ပြည်သူလူထုနဲ့လက်တွဲပြီး ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတည်ငြိမ်တိုးတက်ရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာလည်း ထပ်ပြီးတိုက်ခိုက်လာတာကို ကျွန်တော်တို့တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်က အလိုအလျောက်စီမံခန့်ခွဲနိုင်တဲ့ ဗဟိုထိန်းချုပ်တဲ့စနစ် Core Banking System ဖြစ်ပါတယ်။ ဒီစနစ်အကြောင်းကို ရှင်းပြရမယ်ဆိုရင် ပြည်သူလူထုပဲဖြစ်ဖြစ်၊ ပြည်သူလူထုတစ်ဦးချင်းစီပဲဖြစ်ဖြစ်၊ အဖွဲ့လိုက်ပဲဖြစ်ဖြစ် ဘဏ်တစ်ခုမှာအပ်ထားပြီဆိုရင် အဲဒီဘဏ်မှာတင် သူ့ရဲ့စာရင်းကရှိတာမဟုတ်ဘူး။ ဗဟိုဘဏ်မှာရောအဲဒီဘဏ်နဲ့သက်ဆိုင်တဲ့ ဗဟိုဌာနချုပ်မှာရော သူ့ရဲ့စာရင်းကရှိပြီးဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့ ဘာမှဆုံးရှုံးစရာအကြောင်းမရှိပါဘူး။ ပြည်သူလူထုတစ်ဦးချင်းစီအနေနဲ့ နိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ မည်သည့်ဘဏ်မှာမဆို အပ်ငွေအပ်နှံထားရင် နံပါတ်(၁)ပိုင်ဆိုင်မှု၊ နံပါတ်(၂)လွှဲပြောင်းမှု၊ နံပါတ်(၃)ပြန်လည်ထုတ်ယူမှုတွေကို ခိုင်မာတဲ့အာမခံချက်ရှိပြီးဖြစ်တယ်လို့ အသိပေးချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေတဲ့အစိုးရဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၅၆ မှာ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရကာကွယ်ပေးရမည်လို့ ပြဋ္ဌာန်းထားပြီးဖြစ်တယ်။ ဒါကြောင့် ပြည်သူတစ်ဦးချင်းနဲ့ အဖွဲ့အစည်းအသီးသီးတို့ရဲ့ ဘဏ်အပ်ငွေတွေ၊ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်အစိုးရက ခိုင်မာစွာအာမခံတယ်လို့ အာမခံပြောကြားလိုပါတယ်။ ပြည်သူလူထုကလည်း အစောပိုင်းကပြောတဲ့ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့တာဝန်အခန်းမှာပါတဲ့ ပုဒ်မ ၃၈၈ မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့အညီ ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့လိုပါတယ်။ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတည်ငြိမ်မှု ပျက်ယွင်းစေဖို့အတွက် ဘဏ်လုပ်ငန်းစနစ်အပေါ်မှာ မမှန်သတင်းထုတ်လွှင့်ရတဲ့ ရည်ရွယ်ချက်အနေနဲ့ ဘာတွေရှိလဲလို့ ပြောရမယ်ဆိုရင် ဘဏ်လုပ်ငန်းတွေအပေါ်မှာ ယုံကြည်မှုတွေလျော့လာပြီး မလိုအပ်ဘဲ ငွေတွေထုတ်ယူကြမယ်ဆိုရင် အဲဒီငွေတွေကြောင့် ငွေကြေးဖောင်းပွမှုတွေဖြစ်ပေါ်လာမယ်။ ငွေကြေးဖောင်းပွမှုတွေဖြစ်ပေါ်လာရင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတွေ ဖြစ်ပေါ်လာဖို့အတွက်ရည်ရွယ်ပြီး တိုက်ခိုက်တာဖြစ်တယ်။ ဒါကြောင့် ဘဏ်တွေနဲ့ပတ်သက်တဲ့ ပြည်တွင်း ပြည်ပအဖျက်သမားတွေနဲ့ ပြည်ဖျက်မီဒီယာတွေက မမှန်သတင်းထုတ်လွှင့်မှုကို ပြည်သူလူထုအနေနဲ့ မယုံကြည်ကြဖို့ ပြောလိုပါတယ်။ နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝတည်ငြိမ်ရေးအတွက် အစိုးရ၊ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံ အသိပေးလိုပါတယ်။

ဒုတိယအချက်အနေနဲ့ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီနေ့မှာ ကျွန်တော်တို့အနေနဲ့ TNLA နဲ့ PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေအနေနဲ့ နောင်ချိုမြို့ မရောက်ခင်မှာ(၃)နေရာ လမ်းမကြီးပေါ်မှာ တံတားငယ်တွေကို ဖျက်ဆီးသွားတာ၊ မြေဖျက်ကျင်းတွေတူးပြီး လမ်းကို ဖျက်ဆီးသွားတာရှိတယ်။ နောင်ချိုနဲ့ ကျောက်မဲကြားမှာ (၉)နေရာ အဲဒီလိုပဲတံတားငယ်တွေကို ချိုးသွားတာ၊ မြေဖျက်ကျင်းတွေတူးပြီး လမ်းကိုဖျက်ဆီးသွားတာရှိတယ်။ အဲဒီ(၁၂)နေရာစလုံးကို ကျွန်တော်တို့အနေနဲ့ ဒီနေ့မှာ အားလုံးပြင်ဆင်ပြီးဖြစ်ပါတယ်။ နောက်ထပ်တိုးချဲ့ပြီး ပြင်ဆင်သွားမှာဖြစ်ပါတယ်။ ဒီလမ်းမကြီးနဲ့ ပတ်သက်ရင် ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက်အရေးကြီးတဲ့ လမ်းမကြီးဖြစ်တဲ့အတွက်၊ ပြည်သူလူထုရဲ့ အဓိကကုန်စည်ကူးသန်း ရောင်းဝယ်တဲ့ လမ်းမကြီးဖြစ်တဲ့အတွက် အမြန်ဆုံးလုံခြုံမှုရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားလိုပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေအနေနဲ့ကတော့ ဒီနေ့မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ် (အရှေ့မြောက်ပိုင်း)ဒေသ၊ နမ့်ခမ်းမှာ စခန်းငယ်တစ်ခုကို တိုက်ခိုက်ခံရတာရှိတယ်။ နောက်ပြီး အဲဒီစခန်းငယ်ကို ကျွန်တော်တို့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာရှိတယ်။ နောက်တစ်ခုကတော့ နမ့်ဖက်ကာမှာ MNDAA ၊ TNLA အကြမ်းဖက်အဖွဲ့အနေနဲ့ ရပ်ကွက်ထဲကိုစိန်ပြောင်းဗုံးသီးနဲ့ ပစ်ခတ်ခဲ့တာရှိတယ်။ ပြည်သူလူထုထိခိုက်ဒဏ်ရာရမှု အချို့ရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ လွိုင်ကော်မှာတော့ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။ သောင်းကျန်းသူတွေအနေနဲ့ နေရာတိုင်းမှာ အကျအဆုံးများစွာရှိတယ်လို့ သိရပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ထရွန်အိုင်ဘက်မှာတော့ စခန်းကိုလာရောက်ပစ်ခတ်တာ ရှိပါတယ်။ ကထိလဘက်မှာလည်း ရဲကင်းစခန်းကို လာရောက်ပစ်ခတ်တဲ့ ထိတွေ့မှုရှိပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ချောင်းနှစ်ခွမှာ ရဲကင်းစခန်းပေါ့။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်နေတဲ့နေရာကို တိုက်ခိုက်နေတာ သုံးရက်နီးပါးရှိပြီဖြစ်ပါတယ်။ ဒီနေ့အထိ တိုက်ခိုက်လာတဲ့ ရန်သူတွေကို ကောင်းမွန်စွာခုခံလျက်ရှိပါတယ်။ ဒီအတွက် ချောင်းနှစ်ခွလုံခြုံရေးစခန်းမှာရှိတဲ့ စစ်သည်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအားလုံးရဲ့ ကြံ့ကြံ့ခံပြီး ရန်သူကိုခုခံနိုင်မှုအပေါ် အသိအမှတ်ပြုကြောင်းလည်း ပြောကြားလိုပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ကတော့ ဒီနေ့ဖြစ်ခဲ့တဲ့ ထိတွေ့တိုက်ပွဲတိုင်းမှာ တပ်မတော်အနေနဲ့ရန်သူကို ကောင်းမွန်စွာပြန်လည်ချေမှုန်းနိုင်ခဲ့ကြောင်း အသိပေးပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သတင်းစဉ်