မုံရွာ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ကလေးခရိုင် အုပ်ချုပ်ရေးမှူးနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်(၁၀)နာရီခွဲက မင်းကင်းမြို့ ရွှေပြည်တန်(ဘိုးဘွားရိပ်သာ) ခန်းမတွင် ကျင်းပပြုလုပ်သော Less Walk Organization နှင့် ဇမ္ဗူသီရိ ကျောက်မျက်ရတနာကုမ္ပဏီတို့မှ မင်းကင်းမြို့နယ် အတွင်းရှိ (အထက)နှင့်အထက(ခွဲ) ကျောင်း(၂၇)ကျောင်း အတွက် စက်ဘီး(၁၇၀)စီး ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မင်းကင်းမြို့နယ်အတွင်း ကျောင်းတက်ရန် ခက်ခဲသော ကျောင်းသား ကျောင်းသူများအတွက် စက်ဘီးများပေးအပ် လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ လက်ထက်တွင် မင်းကင်းမြို့နယ်အား လျှပ်စစ်မီးလင်းရေးဆောင်ရွက်ခဲ့ရာတွင် မြို့ပေါ်နှင့် ကျေးရွာ(၃၂)ရွာ လျှပ်စစ်မီးလင်းအောင ်ဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း ကျေးရွာ(၉)ရွာ မီလင်းရေး ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ကျေးရွာ(၁၄)ရွာ မီးလင်းရေး ဘတ်ဂျက်လျာထား ပြီးဖြစ်ပါကြောင်း၊ ကျန်ကျေးရွာများလည်း လျှပ်စစ်မီး လင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက် မည်ဖြစ်ပါကြောင်း။
လမ်းပန်းဆက်သွယ်ရေးအနေဖြင့် လာပို့မှ မင်းကင်းသို့ ဆက်သွယ်သောလမ်းအား မိမိတို့အစိုးရလက်ထက်တွင် ကွန်ကရစ်လမ်း အဖြစ် ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နောင်ဘဏ္ဍာရေးနှစ်များတွင် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
မင်းကင်းမြို့နယ်အတွင်းရှိ ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေလိုကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကင်းဝေးကြစေရေး လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ မင်းကင်းမြို့နယ်သို့ လာရောက်၍ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး Less Walk Organization နှင့် ဇမ္ဗူသီရိ ကျောက်မျက်ရတနာကုမ္ပဏီတို့ ကိုယ်စား ဦးသန်းဌေးက စက်ဘီးများလှူဒါန်းရခြင်းအပါ်သာ ပီတိစကားများကို ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က မင်းကင်းမြို့နယ်အတွင်းရှိ (အထက)ကျောင်း(၁၁)ကျောင်းနှင့် အထက(ခွဲ)ကျောင်း (၁၆) ကျောင်း စုစုပေါင်းကျောင်း (၂၇)ကျောင်းမှ ကျောင်းအုပ်များနှင့် ကျောင်းသားကျောင်းသူများထံသို့ စက်ဘီး (၁၇၀) စီးကို ပေးအပ်လှူဒါန်းခဲ့ပြီး ပွင့်လျက် အထက ကျောင်းအုပ်ဆရာကြီး ဦးပွင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)