နေပြည်တော် နိုဝင်ဘာ ၁၆
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးအား မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး (Exploring Myanmar Culture & Tourism Organization) ၏ အမှုဆောင် ဥက္ကဌ Mr. Liu Wei ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကယနေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံရှိ TikTok တွင် ဖွင့်လှစ်ထားသော “Myanmar Pavilion” ခရီးသွားမြှင့်တင်ရေး ပလက်ဖောင်းကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ခရီးသွား ဆွဲဆောင်မှုများနှင့် ယဉ်ကျေးမှုများကို တရုတ်နိုင်ငံသားတိုင်း သိရှိစေရန် မိတ်ဆက်ပေးနိုင်ရေးနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေမှုများကို လာရောက်တွေ့ဆုံတင်ပြသည်။
တွေ့ဆုံစဉ် တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ အစားအစာများ၊ ခရီးသွား ဆွဲဆောင်ရာနေရာများကို မြှင့်တင်ကြော်ငြာရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်နိုင်ငံမှ social influencer များ၊ သတင်းမီဒီယာများ၊ ခရီးသွား ဘလော့ဂါများနှင့် ခရီးသွား အေဂျင်စီများ ပါဝင်သော ရင်းနှီး ကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip- FAM Trip (ဖန်ထရစ်) အား ပူးပေါင်း ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ တရုတ် ခရီးသွားများ ပိုမိုဝင်ရောက်လာရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု၍ ခရီးသွားမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ဖိတ်ခေါ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သောသတင်းတု သတင်းမှားများကို အမှန်သတင်း ဖော်ပြနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်- မြန်မာ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ အကြား communication channel တည်ဆောက်နိုင်ရေးနှင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်