Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

မြို့သစ် နိုဝင်ဘာ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိ၍  မြို့သစ်မြို့နယ်ရုံးဝန်ထမ်းများ၊ နတ်မောက်မြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဦးစွာ ဒုတိယဝန်ကြီးဦးရဲတင့်က ဝန်ထမ်းများသည် ဌာန၏ရည်ရွယ်ချက်ဖြစ်သည့် ပြန်ကြားရေးလုပ်ငန်း၊ အသိပညာပေးလုပ်ငန်းများကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ဒေသအာဏာပိုင်များ၊ အခြေခံပညာကျောင်းများနှင့် ချိတ်ဆက်၍ လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်၊ ပေါင်းသင်းဆက်ဆံမှုကောင်းစွာဖြင့် ဌာန၏ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ (၁၀၃) နှစ်မြောက် အမျိူးသားအောင်ပွဲနေ့၊ လွတ်လပ်ရေးနေ့၊  ပြည်ထောင်စုနေ့အခမ်းအနားများတွင် ကျောင်းသားကျောင်းသူများအတွက် ပြိုင်ပွဲများ၊ ပြပွဲများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ လူငယ်များဗလငါးတန်ပြည့်ဝစေရေး အသိပညာ ပေးဆောင်ရွက်ကြရန်၊ နွေရာသီကာလတွင် ပညာဒါနသင်တန်းများ၊ ပန်းချီသင်တန်းများ ဖွင့်လှစ် ပေးရန်၊‌ နွေရာသီတွင် မီးဘေးအန္တရာယ်အထူးဂရုစိုက်ကြရန်၊ ကျောင်းသားကျောင်းသူများ အသိပညာရရှိအောင်၊ စကားပြောစွမ်းရည်တိုးတက်အောင် လေ့ကျင့်ဆောင်ရွက်ပေးကြရန်၊ ဝန်ထမ်းများ ဗဟုသုတတိုးတက်အောင် စာရေးခြင်း၊ စာဖတ်ခြင်းဆောင်ရွက်ကြရန်၊ စာငှားသူ၊ စာဖတ်သူများ ရှိသည့်အတွက် စာအုပ်စာစောင်များ ပျောက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအနေဖြင့် လူလုံခြုံရေး၊ ရုံးလုံခြုံရေး၊ ပစ္စည်းလုံခြုံရေး အထူးဂရုပြုသွားလာနေထိုင် ကြရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ အခက်အခဲများရှိပါက တင်ပြကြရန် ပြောကြားကာ ရုံးဥပဓိရုပ်ကောင်းမွန်မှု ရှိ/မရှိ၊ ရုံးသန့်ရှင်းရေး၊ ရုံးပတ်ဝန်းကျင်များကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းအိဇွန် (ပြန်/ဆက်)