Skip to main content

အမေရိကန်သံရုံးမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ Distance Learning Capacity အတွက် အထောက်အကူပြု ပစ္စည်းများပေးအပ်

နေပြည်တော်  ဩဂုတ် ၂၆

အမေရိကန်သံရုံးမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ Distance Learning Capacity အတွက် အထောက် အကူပြုပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. George Sibley က Distance Learning Capacity အတွက် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ရသည့် ရည်ရွယ်ချက်နှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယင်းအထောက်အကူပြု ပစ္စည်းများ သည် ပြည်ထောင်စု ရှေ့နေချုပ် ရုံး၏ Distance Learning Capacity ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက် အပံ့ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကာလအတွင်း ပြည်ထောင်စုရှေ့နေချုပ် ရုံး၏ လုပ်ငန်းများနှင့် ဥပဒေအရာရှိများ အရည်အသွေး မြှင့်တင်ရေး အတွက် အလွန်အသုံးဝင်ပါကြောင်း၊ ယင်းပစ္စည်းများသည် ကိုဗစ်-၁၉ အလွန် ကာလတွင် လည်း ဥပဒေအရာရှိများ အရည်အသွေးမြှင့်တင်ရာတွင် အဝေးရောက် သင်ကြားရေးစနစ်ကို အထောက်အကူ ပြုပါကြောင်း၊ ဥပဒေအရာရှိများ၏ အရည်အသွေး မြှင့်တင်ရေးတွင် နည်းပညာ ဆိုင်ရာ အထောက်အပံ့များသာမက ယခုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များ အား အမေရိ ကန်သံရုံးမှ ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ အဆိုပါပစ္စည်း များကို နေပြည်တော်အပြင်တောင်ကြီး၊ လွိုင်ကော်၊ မကွေး၊ ဟားခါး၊ ဘားအံ၊ ထားဝယ်၊ စစ်တွေ စသောမြို့များရှိ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးများသို့ ထောက်ပံ့ပေးအပ်သည့် အတွက်လည်း ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။

အခမ်းအနားတွင် အမေရိကန်သံရုံးမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အမေရိကန်ဒေါ်လာ သုံးသောင်းခန့်တန်ဖိုးရှိ Distance Learning Capacity အထောက်အပံ့ပစ္စည်း (၈)မျိုးကို ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် အမေရိကန်သံရုံးတို့မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်