နေပြည်တော် နိုဝင်ဘာ ၁၃
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အလယ်အလတ်အဆင့် အရာထမ်းမွမ်းမံသင်တန်းအမှတ်စဉ်(၃/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၄၆)ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများ ဥပဒေနှင့်အညီ အပြည့်အဝကောက်ခံရရှိနိုင်ရေးအတွက် အခွန်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် စီမံခန့်ခွဲမှုအရည်အသွေးပိုမိုတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် အခွန်ဝန်ထမ်းများအနေဖြင့် သိသင့်သိထိုက်သည့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းများ၊ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ အခွန်ဆိုင်ရာသတင်းစာရင်း စုဆောင်းသည့် လုပ်ငန်းအတွေ့အကြုံများ၊ အခွန်ကောက်ခံမှုနှင့် ဆက်စပ်နေသော သွင်းကုန်/ထုတ်ကုန်လုပ်ငန်းစဉ်မူဝါဒများ၊ အိမ်၊ ခြံ၊ မြေ ဝယ်ယူခြင်း/ရောင်းချခြင်းများအပေါ် ဝင်ငွေရလမ်း စိစစ်ခြင်းဆိုင်ရာကိစ္စရပ်များကို စာတွေ့၊ လက်တွေ့ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း၊ လေ့လာသင်ယူလိုစိတ်၊ တိုးတက်အောင်ကြိုးစားလိုစိတ်နှင့် မိမိတာဝန်ထမ်းဆောင်နေသည့် ဌာနအဖွဲ့အစည်း ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လိုစိတ်များဖြင့် အလေးအနက်ထားသင်ယူကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်