နေပြည်တော် ဩဂုတ် ၂၆
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာနည်းဥပဒေပြုစုရေးဆွဲမှု အပေါ်အကူအညီပေး ရေး အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ILO (ရန်ကုန်ရုံး) မှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Donglin Li ၊ ILO Vision Zero Fund မှ Senior Technical Advisor Ms. Mariana ၊ နိုင်ငံတကာ အလုပ်သမားရေးရာ စစ်ဆေး ရေးအဖွဲ့ (International Association of Labour Inspection - IALI) မှ ဥက္ကဋ္ဌ Mr. Kevin Myers ၊ အထွေထွေ အတွင်းရေးမှူး Mr. Ho Siong Hin ၊ စင်ကာပူနိုင်ငံ၊ လူ့စွမ်းအားဝန်ကြီးဌာနမှကျွမ်း ကျင်သူများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအတွက် အထူးသဖြင့် အလုပ်သမား များအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေမူဘောင် အဆင့်မြှင့်တင်ရန် နည်းဥပဒေများပြုစုရေး ဆွဲရေး ကို ILO အဖွဲ့ဝင်များ၊ နိုင်ငံတကာကျွမ်းကျင်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမည့် လုပ်ငန်းစဉ် အပေါ် ဝမ်းမြောက် စွာကြိုဆိုပါကြောင်း။
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကဏ္ဍသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို အားလုံးနားလည် လက်ခံထားပြီးဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများနှင့်အတူ အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှု၊ အထူးသဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၏ အရေးပါမှုသည် နေ့စဉ်စိန်ခေါ်မှုများနှင့် ကြုံတွေ့လျက်ရှိပါ ကြောင်း၊ အလုပ် သမားထုအတွက် အရေးပါသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် တိုးတက်ရန်ကောင်းမွန်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေမူဘောင် ရှိရန်လိုအပ် ပါကြောင်း၊ သို့မှသာ ကုန်ထုတ်လုပ်မှု တိုးတက် ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင် များဖြစ်ပေါ်လာမည် ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ်ကို လုပ်ငန်း ကဏ္ဍတစ်ခုချင်းစီအလိုက် သီးခြားဥပဒေ၊ နည်းဥပဒေများနှင့် သီးခြားအဖွဲ့အစည်းတို့က အကောင် အထည်ဖော်ဆောင်ရွက်နေသည့်ပုံစံ(Fragmented System)ဖြစ်ကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်စွာမရရှိ သေးခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ အမျိုးသားအဆင့်မူဝါဒ နှင့် လုပ်ငန်းစီမံချက်များချမှတ်ရန်လိုအပ်ခြင်းကြောင့် အလုပ်သမားများအပေါ် မှန်မှန်နှင့်ပြည့်ပြည့် ဝဝ ကာကွယ် စောင့်ရှောက်ရေး ဆောင်ရွက်ပေးနိုင်ရန် အားနည်းချက်များ တွေ့ကြုံနေရကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော လုပ်ငန်းခွင်များဖြစ်ပေါ်ရန်၊ အကျုံးဝင်မှု မရှိသေးသည့် လုပ်ငန်းကဏ္ဍများ အကျုံးဝင်လာရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အဖွဲ့အစည်းတစ်ခုက ဦးဆောင်ပြီး တာဝန်ယူ အကောင်အထည် ဖော်သည့် အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ ဥပဒေ အသစ်တစ်ရပ်ကို ပြုစုရေးဆွဲခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ် မတ်လတွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း။
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေကို ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်သော် လည်း ဥပဒေမူဘောင်တစ်ခုသာဖြစ်ပြီး ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို အခြေအနေနှင့် လိုအပ်ချက်အရများစွာ ထုတ်ပြန်ပေးရဦးမည်ဖြစ်၍ နိုင်ငံတော်သမ္မတ က အာဏာ သက်ဝင်ကြောင်း အတည်ပြုလက်မှတ်ရေးထိုးသည့်နေ့မှသာ စတင်အာဏာ အသက်ဝင်မည် ဖြစ်ပါ ကြောင်း။
နည်းဥပဒေကိုရေးဆွဲသည့်အခါတွင် မိမိတို့အနေဖြင့် အခြားနိုင်ငံများ၏ ဥပဒေ၊ နည်း ဥပဒေ များကို တိုက်ရိုက်အသုံးချခြင်းမှာ လက်တွေ့အားဖြင့် အဆင်ပြေမှုများ မရှိနိုင်ပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် အချို့သောလုပ်ငန်းစဉ်များ၊ နည်းစနစ်များတွင် အခြားနိုင်ငံများ၏ နည်းဥပဒေများ၊ လုပ်ငန်းစဉ်များအတိုင်း တိုက်ရိုက်ကျင့်သုံး ဆောင်ရွက်မည်ဆိုပါက အခက်အခဲ များစွာ ရှိမည်ဖြစ် ပါကြောင်း။
ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးသည် လူတိုင်းအတွက် သက်ဆိုင်သည့် အရေး ကိစ္စဖြစ်၍ ILO ၏ကူညီ ပံ့ပိုးမှုသည် မြန်မာနိုင်ငံ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြု အကျိုးရှိစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ယနေ့အစည်း အဝေးသို့ တက်ရောက်လာသူများက မိမိတို့၏ အတွေ့အကြုံ ဗဟုသုတများအပေါ် အခြေခံပြီး တက်ကြွစွာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်းပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ Mr. Donglin Li က နည်းဥပဒေပြုစုရေးဆွဲမှုအပေါ် ILO မှ လိုအပ်သည့် နည်းပညာအကူ အညီများ ထောက်ပံ့ပေးရန် ကတိကဝတ်ပြုကြောင်း အမှာစကားပြောကြားပြီး ILO အဖွဲ့ဝင်များ နှင့် နိုင်ငံတကာ အလုပ်သမားရေးရာစစ်ဆေးရေးအဖွဲ့(IALI) တို့မှ တာဝန်ရှိသူများက ၎င်းတို့၏ လုပ်ဆောင်ချက်များကိုမိတ်ဆက်တင်ပြကာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း က ဦးစီးဌာနအနေဖြင့် လက်ရှိရေးဆွဲလျက်ရှိသည့် နည်းဥပဒေများ နှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ကိုဆွေးနွေးရာ တက်ရောက်လာသည့် ILO အဖွဲ့ဝင်များ၊ နိုင်ငံတကာကျွမ်းကျင်သူများကဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)